ကျွဲကောစိုက်ပျိုးနည်း

  • Sun, 26 June 2022


 မြန်မာအမည်    -  ကျွဲကော

အင်္ဂလိပ်အမည်  - POMELO

ရုက္ခဗေဒအမည် - Citrus maxima

မျိုးရင်းအမည်    - Rutaceae

မြေအမျိုးအစား

မြန်မာနိင်ငံတွင် ကျွဲကောမျိုးများကို မြန်မာမျိုးများ (ပန်းရောင်(၁)၊ပန်းရောင်(၂)၊ပန်းရောင်(၃)၊ကျောက်စိမ်း၊ခွံပါး၊အဖြူ)၊ ရှမ်းမျိုးများ၊ထိုင်းမျိုးများ(ခွန်သောင်ဒီ၊ပျားရည်ဆမ်း၊ပတ္တမြားနီ)စသည်ဖြင့် အများအပြားတွေ့နိုင်ပါသည်။

မူရင်းဒေသ

အမေရိက၊တောင်အာဖရိကနှင့် ဩစတြေးလျ။

ရာသီဥတု

နေ့အချိန်တွင် ပူနွေးပြီး ညအချိန်တွင် အေးမြခြင်းသည် အကောင်းဆုံးဖြစ်သည်။ သင့်တော်သောအပူချိန်မှာ (၂၀°C‒၃၀°C) ဖြစ်သည်။ အပူချိန်နိမ့်လွန်းပါက အသီးမှည့်ရန် အချိန်ကြာခြင်း၊ အသီးအရည်မရွှမ်းခြင်း၊ အသီးအရွယ်အစားငယ်ခြင်း၊အရောင်မလှခြင်းများ ဖြစ်တတ်သည်။ အထူးသဖြင့် နံနက်ပိုင်းတွင် စိုထိုင်းဆမြင့်ပါက အသီးအရွယ်အစားကြီးခြင်း၊ အခွံပါးပြီး အရည်ရွှမ်းစေပါသည်။ အသင့်တော်ဆုံး မိုးရေချိန်မှာ (၁၅၀‒၂၀၀)စင်တီမီတာ ဖြစ်သည်။ကျွဲကောသည် အမြစ်ဖွဲ့စည်းပုံတိမ်သဖြင့် မိုးများပါက အမြစ်ပုပ်စေနိုင်သည်။ ရေများလွန်းပါက အသီးအရည်အသွေးကို ထိခိုက်စေနိုင်သည်။ ကျွဲကောကို သစ်ဆွေးဓာတ်များပါသော နှုံးမြေများတွင် စိုက်ပျိုးသင့်ပါသည်။ မြေစေးပါက ရေနှုတ်မြောင်းများ သေချာပြုလုပ်ထားရမည်။ မြေအောက်ရေမျက်နှာပြင် လေးပေထက်ပိုမမြင့်သင့်ပါ။ ကျွဲကောစိုက်ပျိုးမည့် မြေအားထယ်ထိုး၊ ထွန်မွှေခြင်းကို သေချာစွာပြုလုပ်ရမည်။ ကျွဲကောသည် အမြစ်ဖွဲ့စည်းမှုတိမ်သော သီးနှံဖြစ်ခြင်းကြောင့် အပင်စိုက်ပြီးနောက် စိုက်ခင်းအတွင်းထယ်ထိုးခြင်းကို ဖြစ်နိုင်သမျှရှေုာင်ကျဉ်ရမည်။ မြေချဉ်ငံဓာတ် Ph(၅.၅‒၆) သည်အသင့်တော်ဆုံး ဖြစ်သည်။ 

စိုက်ပျိုးနည်းစနစ်

ကျွဲကောပင်အား မိမိစိုက်ပျိုးလိုသော မျိုး၊ရေမြေ၊ရာသီဥတု အပေါ်မူတည်၍ စိုက်ကျင်းအကွာအဝေးကို (၂၅'x၂၅')၊(၂၀'x၂၀')၊(၁၅'x၂၀') စသည်ဖြင့် ထားရှိနိူင်ပါသည်။ စိုက်ကျင်းအား ကျွဲကောမစိုက်ပျိုးမီ တစ်လကြိုတင်၍(၂)ပေပတ်လည် တစ်ပေခွဲအနက်တူးရမည်။ စိုက်ကျင်းအတွင်းသို့ နွားချေးတစ်တင်း၊ ကျောက်မှုန့်(၁)ကီလိုဂရမ်အား အပေါ်ယံမြေသားဖြင့်ရော၍ စိုက်ကျင်းအတွင်းသို့ ထည့်ပြီးမြေနှပ်ပါ။

စိုက်ပျိုးခြင်း

မိုးဦးကျ ဇွန်၊ ဇူလိုင်လများတွင် ကြိုတင်၍ မြေနှပ်ထားသောစိုက်ကျင်းအတွင်းသို့ မြေအောင်း ပိုးသတ်ဆေး ထည့်ပြီး စနစ်တကျစိုက်ပျိုးပါ။ အပင်ခြေပတ်လည် အမြစ်လေဟာမှု မရှိှစေရန် မြေသားအားသေချာစွာဖိသိပ်ပါ။

အပင်ပြုစုခြင်း

ပေါင်းရှင်းခြင်းကို တစ်နှစ်(၃)ကြိမ် မဖြစ်မနေဆောင်ရွက်ရမည်။ စိုက်ခင်းအတွင်း ထယ်ထိုးခြင်းကို ရှောင်ကျဉ်ပြီး မြက်ဖြတ်စက်ဖြင့် ပေါင်းရှင်းခြင်း၊ ပေါင်းသတ်ဆေးဖြင့် ပေါင်းနှိမ်နင်းခြင်းကို ဆောင်ရွက်နိုင်သည်။ ရေဝပ်ကျင်းဖော်ခြင်းကို ဇန်နဝါရီလတွင်ပြုလုပ်ပေးပါ။ ရေသွင်းခြင်းအား ဒီဇင်ဘာလမှစတင်ပြီး မေလကုန်အထိ တစ်ပတ်တစ်ကြိမ်ဆောင်ရွက်ပါ။ ပန်းပွင့်ချိန်သည် ရေအလိုအပ်ဆုံးအချိန် ဖြစ်သည့်အတွက် ရေသွင်းခြင်းကိုဂရုတစိုက် ဆောင်ရွက်ရမည်။ ကိုင်းရှင်းခြင်းကို အသီးခူးပြီးချိန် ဒီဇင်ဘာလတွင် ဆောင်ရွက်ရပါမည်။ ကျွဲကောပင်သည် (Heavy Pruning) ပြုလုပ်ပေးရန် မလိုအပ်သော်လည်းကိုင်းခြောက်များ၊ အဖျားပိုင်းမှအပေါ်သို့ ထောင်တက်နေသော ကိုင်းများနှင့်အပင်အတွင်းပိုင်းမှ ထွက်လာသောရေတက် (Water Shoot) များကိုရှင်းလင်းပြီး နေရောင်ခြည်အပြည့်အဝရရှိရန်နှင့် လေဝင်လေထွက်ကောင်းစေရန် ဆောင်ရွက်ရပါမည်။အကိုင်းများရှင်းလင်းပြီးနောက် ကိုင်းဖြတ်ရာများနှင့် ပင်စည်အား မြေပြင်မှ(၅)ပေအထိဘော်ဒိုဆေးရည်(၅꞉၅꞉၅၀)အချိုးဖြင့် ဖျော်၍သုတ်လိမ်းပါ။

မြေဩဇာကျွေးခြင်း

အရွယ်ရောက်ကျွဲကော (၄‒၅)နှစ်သားတစ်ပင်အား နွားချေး(၂)တင်းနှင့်(၁၅꞉၁၅꞉၁၅)ကွန်ပေါင်းမြေဩဇာ(၂)ကီလိုဂရမ်အား အသီးခူးပြီးနောက်ပိုင်း ပင်ခြေပတ်လည်တွင် ပတ်မြောင်းတူး ၍ထည့်သွင်းပါ။ အသီးများသံပုရာသီး အရွယ်တွင် (၁၅꞉၁၅꞉၁၅) ကွန်ပေါင်းမြေဩဇာ(၂) ကီလိုဂရမ်အားထပ်မံထည့်သွင်းပါ ။အသီးခူးရန် တစ်လအလိုတွင် ပိုတက်ဓာတ်မြေဩဇာ(၁) ကီလိုဂရမ်အား ထည့်သွင်းပါ။အဖူးထွက်ချိန်၊ ပန်းပွင့်ချိန်နှင့်သီးကင်းနုချိန်တို့တွင် အနည်းလိုအဟာရဓာတ်ပါသော ဆေးများပက်ဖျန်းပေးပါ။

ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း

သီးထိုးယင်၊ ပိုးစေးနှဲ၊ လှေးပိုး၊ ရွက်ထွင်းပိုးနှင့် အကြေးပိုးများသည် ကျွဲကောတွင်အများဆုံး ကျရောက်သဖြင့် ပင်လုံးပြန့်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်နှိမ်နင်းနိင်ပါသည်။အသီးမခူးမှီ (၃၀‒၄၅) ရက်အလိုတွင်အသီးအိတ်စွပ်ခြင်းသည် သီးထိုးယင်ကို ကာကွယ်နိင်သည့်အပြင် အသီးအရောင်လှပြီး အသီးအရည်ရွှမ်းစေပါသည်။ အမြစ်ပုပ်၊ ပင်စည်ပုပ်ရောဂါ၊ ကိုင်းခြောက်ရောဂါ၊ မှည့်ပြောက်စွန်းရောဂါနှင့် အစေးထွက်ရောဂါများကျရောက်သည့်အတွက် မက်တက်လက်ဇီ ၊မန်ကိုဇက်၊ ဘီနိုမိုင်းစသောမှိုသတ်ဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

သီးကင်းခြွေခြင်း၊သီးကိုင်းထောက်ခြင်း

သီးကင်းခြွေခြင်းကို အသီးများ သံပုရာသီးအလုံးကြီးအရွယ်တွင် ပြုလုပ်ပေးရမည်။ သီးကင်းခြွေခြင်းအားဖြင့် အသီးအရွယ်အစားညီခြင်း၊ အသီးကြီးခြင်း၊ ရင့်မှည့်ချိန်ညီခြင်း၊ အသီးခူးချိန်တွင် အပြစ်အနာနှင့်ရောဂါပါသော အသီးများကင်းစင်ခြင်းစသော အကျိုးကျေးဇူးများရရှိပါသည်။ ကိုင်းထောက်ခြင်းကို အသီးအညှာမြဲချိန်တွင် ဆောင်ရွက်ပါ။ သီးကိုင်းများကျိုးခြင်း၊ အသီးထိခိုက်မှုမရှိစေရန်နှင့် အပင်နှင့်အသီးအရေအတွက် မျှတစေရန် သီးကိုင်းထောက်ခြင်းကို စနစ်တကျ ပြုလုပ်ပေးပါ။