ဒိုချက်ကင် မွေးမြူထုတ်လုပ်ခြင်း

  • Mon, 15 August 2022

နိဒါန်း

ဒိုချကင်ဆိုသည်မှာ ဂျပန်အသုံးအနှုန်း စကားလုံးဖြစ်သည်။မိမိဒေသတွင်ရှိသော အဏုဇီဝပိုးများကို မွေးမြူအသုံးပြုထားသော သဘာဝမြေသြဇာကို ခေါ်ပါသည်။ဒိုချကင်သည် သဘာဝသစ်တောမြေ၊ ဝါးရုံတောမြေများတွင် သစ်ရွက်(သို့)ဝါးရွက်များ(၁)နှစ်အကြာအရွက်ကြွေပြီး ဆွေးမြေ့၍ ရောနှောနေသော မြေဖြစ်သည်။တစ်နည်းအားဖြင့် သစ်ပင်အောက်၊ ဝါးရုံအောက်များတွင်ဒိုချကင်ရှိနိုင်သည်။ (၁)ဒိုချကင်မွေးမြူခြင်းနှင့် (၂)ဒိုချကင်အသုံးပြုခြင်း သဘာဝမြေသြဇာပြုလုပ်ခြင်းဟူ၍ ပြုလုပ်ပုံအဆင့်ဆင့်ရှိသည်ကို တောင်သူများသိရှိလိုက်နာဆောင်ရွက်နိုင်ရန်တင်ပြအပ်ပါသည်။

ရည်ရွယ်ချက်

ဒိုချကင်ပိုးသည် မိမိဒေသတွင်ရှိသော အပေါ်ယံမြေဆွေးကိုယူပြီး မွေးမြူခြင်းဖြစ်၍ မိမိဒေသနှင့်လိုက်လျောညီထွေစွာနေထိုင်နိုင်ပြီး မိမိဒေသရှိရာသီဥတုနှင့် ကိုက်ညီပြီးသားဖြစ်ခြင်း၊မိမိယာမြေ၊မြက်ခင်းမြေအတွင်းတွင် အလွယ်တကူနေထိုင်ပြန့်ပွားနိုင်ခြင်း၊ မြေသြဇာပြုလုပ်ရာတွင်လည်း မိမိဒေသရှိလယ်ယာစွန့်ပစ်ပစ္စည်းများဖြင့် လုပ်ဆောင်နိုင်ခြင်းကြောင့်စရိတ်စကအကုန်အကျသက်သာစေရန် ဖြစ်ပါသည်။

ပြုလုပ်ပုံအဆင့်ဆင့်

(၁)ဒိုချကင်မွေးမြူခြင်း

ဝါးရုံတောအောက်များတွင် ကြွေနေသောဆွေးမြေ့နေသည့် ဝါးရွက်ကြွေများကိုဖယ်ပြီး အပေါ်ယံမြေဆီလွှာ (၆)လက်မခန့်ကို (၃)ပေခန့်အဝိုင်းတူးဆွချေမွပြီး ရေ(၃)ဂါလံခန့် ကိုတင်လဲရည်တစ်ပုလင်းနှင့် ရောစပ်ထားရမည်။ထို့နောက်ဖွဲနုအနည််းငယ်ကို မြေကြီးနှင့်ဆတူရော၍ ပေါက်ပြားဖြင့်မွှေပြီး တင်လဲရည်နှင့်ရေရောစပ်ထားသည်ကိုထည့်ပြိီး နယ်ရပါမည်။တင်လဲရည်မရနိုင်ပါက ကြံသကာ(၅၀)ကျပ်သားကို ရေပျစ်ပျစ်ကျို၍ အသုံးပြုနိုင်ပါသည်။ရေထည့်ရမည်ဆိုသော်လည်း မိုးတွင်းရေစိုနေပါက ရေမလိုပါ။လက်နှင့်ဆုပ်လုံး၍ မရလျှင်ရေနည်းပါသည်။သမသွားသည့်အခါ ဝါးရွက်များနှင့်ပြန်ဖုံးကာ မြွေရေခွံအိတ်နှင့်ဖုံး၍ (၃)ညအိပ်ထားပါ။ (၄)ရက်မြောက်နေ့တွင် ဒိုချက်ကင်ကိုရပါမည်။ထို့နောက်ဖုံးထားသည့်မြွေရေခွံအိတ်နှင့်ဝါးရွက်များဖယ်ပြီး လှန်ကြည့်ပါက အဖြူရောင်မှိုဒိုချကင်များ တက်နေသည်ကိုတွေ့ရပါမည်။လက်ဖြင့်စမ်းကြည့်လျင် အပူချိန်(၆၀)ဒီဂရီစင်တီဂရိတ်ရှိပြီး အနံ့မှာချိုမွှေး၍စူးရှနေသည်ကို တွေ့နိုင်ပါသည်။၎င်းမှာကောင်းမွန်သည့် ဒိုချကင်ဖြစ်ပါသည်။ယင်းဒိုချကင်ကို ကျုံးပြီးအိတ်ထဲထည့်ယူထားမည်၊၊

(၂) ဒိုချကင်အသုံးပြုပြီး သဘာဝမြေသြဇာပြုလုပ်ခြင်း

လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာ နွားချေး၊ဝက်ချေး၊ကောက်ရိုး၊စပါးခွံတို့ ဖြစ်ပါသည်။ပထမဆုံးစပါးခွံကို (၆)ပေပတ်လည်ခန့်နှင့် အမြင့်(၆)လက်မရှိအောင် မြေပေါ်တွင် ဖြန့်ခင်းရပါမည်။ထို့နောက်ရေဖြန်းပေးပါ။စပါးခွံပေါ်တွင် နွားချေး၊ တိရစ္ဆာန်ချေးများကို (၆)လက်မထုခန့် ဖြန့်ခင်းပေးပါ။ နွားချေးပေါ်တွင် ပထမအဆင့်မွေးမြူပြီး သိမ်းဆည်းထားသည့် ဒိုချကင်ကိုဖြူးပေးရပါမည်။လက်နှင့်(၁)ဆုပ်ခန့်ဆိုလျှင် လုံလောက်ပါသည်။ထို့နောက် ရေဖြန်းပေးပြီး ကောက်ရိုး(သို့)ပေါင်းမြက်တို့ကို ဖြန့်ခင်းကာပိပြားစေရန် လူဖြင့်နင်းပေးရန် လိုအပ်ပါသည်။ပြီးလျှင် ရေထပ်ဖြန်းပေးပါ။ ထို့နောက် အလွှာ(၃)လွှာစလုံးကို တစ်ထပ်ဟုသတ်မှတ်ပြီး အထပ်တစ်ထပ်ဆီတွင် ပစ္စည်းအစိုအခြောက်ပေါ် မူတည်၍ ရေအနည်းအများ လိုအပ်သလို ဖျန်းပေးရမည်။နွေရာသီဖြစ်ပါက သစ်ပင်ရိပ်အောက်တွင် ပြုလုပ်ပေးရသည်။နေပူထဲတွင် ဒိုချကင်မပြန့်ပွားနိုင်ပါ။မိုးတွင်းတွင် အမိုးအောက်တွင် လုပ်ရန်လိုပါသည်။ထိုကဲ့သို့အထပ်မျိုး(၄-၅) ထပ်၊အမြင့်(၆)ပေခန့်လောက်ထိပုံပြီးနောက်ဆုံးထပ်ပေါ်တွင်စပါးခွံနှင့်ဖုံးအုပ်ထားရမည်။(၃-၄)ရက်ဆိုလျှင်ဓာတ်ပြု၍အပူချိန်(၆၀ဒီဂရီ-၇၀ဒီဂရီ)ထိရှိနိုင်ပါသည်။ပူနေရာမှတဖြည်းဖြည်း (၃-၄)ပတ်ကြာလျင် အပူလျော့လာလှျင် အပုံပြောင်းပေးရန် လိုပါသည်။မြေသြဇာပုံအတွင်းနှင့် အပြင်ဓာတ်ပြုခြင်း ညီစေရန်အပြင်နှုတ်ခမ်းသားများကို အတွင်းဘက်ပိုင်းရောက်အောင် ပုံပေးရမည်။ (၆-၈)လက်မထုလောက် ဖြန့်ခင်းလိုက်၊ ရေလောင်းလိုက် လုပ်ပေးရမည်။ ထိုသို့ပြုလုပ်၍(၃)ပတ်ကြာပြီး အပူချိန်မရှိတော့လှျင် တစ်ခါထပ်ပြီး အပုံပြောင်းပေးပါ။စုစုပေါင်း (၉)ပတ်မှ(၁၀)ပတ်ကြာသည့်အခါ ဒိုချကင်သဘာဝမြေသြဇာကို ရရှိပြီးဖြစ်ပါသည်။ ဒိုချကင်သဘာဝမြေသြဇာဖြစ်သည့်အခါ အပူချိန်မရှိတော့ပါ။တိရိစ္ဆန်များ၏ ချေးများလည်း အနံ့လုံးဝမရှိတော့ပါ။ဒိုချကင်မှိုများသည် မြေသြဇာတစ်ပုံလုံး ပြန့်သွားပြီးစိုက်ခင်းများတွင် ထည့်သုံးခြင်းအားဖြင့် ဒိုချကင်ပိုးများမှာ အဆင့်ဆင့်ပွားသွားပြီး သစ်ရွက်ကြွေများကို ဆွေးမြေ့စေပြီးအပင်၏အာဟာရအဖြစ် စားသုံးနိုင်အောင် ပြုလုပ်ပေးပါသည်။

အကျိုးကျေးဇူး

ဒိုချကင်ပိုးသည်မိမိဒေသရှိအပေါ်ယံမြေဆွေးကိုယူ၍မွေးမြူခြင်းဖြစ်၍ရာသီဥတုနှင့်ကိုက်ညီပြီး သားဖြစ်ခြင်း။

•      မြေသားအတွင်းလေဝင်လေထွက် ၊ ရေဝင်ရေထွက်ကောင်းအောင်ပြုလုပ်ပေးခြင်း။

•      ဝက်မွေးမြူရေးတွင်ဒိုချကင်မြေသြဇာကို(၅၀)%နှင့်လွှစာမှုန့်(၅၀)% ရောပြီး၃ပေအနက်မြေကြီးထဲတွင်အခင်းအဖြစ်ထားပေးပါကအနံ့ဆိုးလုံးဝမထွက်ခြင်း။

•     ဒိုချကင်မှိုများကို စိုက်ခင်းထဲတွင် ထည့်သုံးခြင်းအားဖြင့် ဒိုချကင်ပိုးများအဆင့်ဆင့်ပွားသွားပြီး သစ်ရွက်ကြွေများကို ဆွေးမြေ့စေ၍ အပင်၏အာဟာရအဖြစ် စားသုံးနိုင်အောင် ပြုလုပ်ပေးခြင်း။

•      စိုက်ပျိုးရေးအတွက်သာမကမွေးမြူရေးအတွက်ပါများစွာအကျိုးရှိခြင်းဖြစ်ပါသည်။