ငါးအမိုင်နိုအက်စစ်နှင့် အင်ဇိုင်းအသီးအပွင့် အားဆေးရည် ပြုလုပ်သုံးစွဲနည်း

  • Mon, 15 August 2022


(Method of Making FAA and FFJ)

နိဒါန်း

အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ဆိုသည်မှာလူတို့ပြုပြင်ဖန်တီးထားသည့်ဓာတ်မြေဩဇာများပိုးသတ်ဆေးမှိုသတ်ဆေးစသည့်ဓာတုပစ္စည်းများကိုသုံးစွဲခြင်းမပြုဘဲစိုက်ပျိုးသည့်စနစ်ဖြစ်သည်။အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာများအသုံးပြု၍သဘာဝအပင်အားတိုးဆေးများပြုလုပ်နည်းကိုသိရှိနိုင်ပါရန်အောက်ပါအတိုင်းတင်ပြထားပါသည်။

ရည်ရွယ်ချက်

(FAA)နှင့်(FFJ)သည်ပြုလုပ်ရန်လွယ်ကူပြီးသဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ဘဲကုန်ကျစရိတ်သက်သာစီးပွားရေးတွက်ချေကိုက်သောလွယ်ကူရိုးရှင်းအကျိုးရှိထိရောက်သည့်နည်းစနစ်တစ်ခုအဖြစ်အသုံးပြုနိုင်စေရန် ဖြစ်ပါသည်။

ငါးအမိုင်နိုအက်စစ်(အပင်အားတိုးဆေးရည်)

(Fish Amino Acid)ပြုလုပ်နည်း                                     

၁။ငါးမှရရှိသောစွန့်ပစ်ပစ္စည်းများ(သို့)ငါးသေငါးမွှားများ(သို့)ငါးကြီး(၁၀)ပိဿာ

၂။ထန်းလျက်ညို(သို့)သကြားညို (၁၀)ပိဿာ

ပြုလုပ်ပုံ(Production Method)            

- ငါးမှရရှိသောစွန့်ပစ်ပစ္စည်းများ(သို့)ငါးသေငါးမွှားများ(သို့)ငါးကြီး(၁၀)ပိဿာကိုပိုင်း ဖြတ်၍ စဉ့်အိုးတွင်ထည့်ပါ။

- ထန်းလျက်ညို (သို့) သကြားညို(၁)ပိဿာလျှင်ရေ(၁)လီတာနှုန်းဖြင့်(၁၀)ပိဿာအားကျိုချက်ပါ။ပြီးလျှင်အအေးခံပါ။

- အေးပြီးနောက် စဉ့်အိုး၏ သုံးပုံနှစ်ပုံထိ လောင်းထည့်ပါ။ ထပ်မံ၍(ရရှိနိုင်ပါကဘိုကာရှီ)ကိုဖြူးထည့်ပါ။

- ထို့နောက်အိုးကို ပိတ်ပါးစဖြင့်သေချာစွာဖုံးအုပ်ချည်နှောင်ပါ။အိုးကိုနေရောင်တိုက်ရိုက်မကျသော အေးမြခြောက်သွေ့သောအရိပ်အောက်တွင်ထားရှိပါ။

- (၇-၁၀)ရက်ကြာပါကအချဉ်ဖောက်ခြင်းဖြစ်ပေါ်လာမည်။မျက်နှာပြင်ပေါ်ရှိအဆီများပျော်ဝင်စေရန်IMO3(၂-၃)ဇွန်းထည့်ပေးပါ။

- (၁)လအကြာ(သို့)အနံ့ဆိုးပျောက်ပါကအနည်အနှစ်များကိုစစ်ထုတ်ပြီးအရည်ကိုရွက်ဖြန်းအဖြစ်အသုံးပြုပါ။

ဆေးဖျန်းရန်နှုန်းထား(Ratio)

- ဆေးရည်(၁)ဆ နှင့် ရေ(၁၀၀၀)ဆ

အသုံးပြုခြင်း

- ငါးအမိုင်နိုတွင်နိုက်ထရိုဂျင်ကြွယ်ဝစွာပါဝင်သည်။

- မြေဆီလွှာနှင့် ပင်ပိုင်းကြီးထွားမှုကိုအားပေးသည်။ 

- မျိုးစေ့/ပျိုးပင် မသန်စွမ်းလျှင်……..

- ပဲ ၊  မုန့်ညှင်းထုပ်မျိုးစေ့အတွက်(၂)နာရီခွဲခန့်စိမ်နိုင်သည်။

- သခွား ၊ ဖရဲ မျိုးစေ့ အတွက်(၄)နာရီ စိမ်နိုင်သည်။

- အရွက်စား ဟင်းသီးဟင်းရွက်များ၏ အနံ့ ၊ အရသာနှင့်အထွက်နှုန်းကိုတိုးတက်စေသည်။

- ၎င်းငါးအမိုင်နို စွန့်ပစ်ပစ္စည်းများကိုဘိုကာရှီမြေဩဇာ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။သက်ရှိအဏုဇီဝများ၏လှုပ်ရှားမှုကိုကူညီပေးသည်၊၊

-    ငါးအမိုင်နိုမှကျန်ရှိသည့် အရိုးများကိုဆန်လုံးညိုရှာလကာရည် (BRV)(၁၀)ဆဖြင့်ရောစပ်ပြီးအရိုးများဆွေးမြေ့သွားပါကကောင်းမွန်သောရေပျော်ကယ်လစီယံဖော့စဖိတ်များရရှိနိုင်သည်။

သတိပြုရန်

- သီးပွင့်ချိန်မသုံးရန်

- ငါးအမိုင်နိုအသုံးပြုရာတွင်ရေဆမှန်ရန်လိုအပ်ပါသည်။

- ရေအဆနည်းက အပြင်အရွက်ဝါမည်၊၊

- ငါးအမိုင်နို အိုးဆေးရည်တိုက်ရိုက်ဖျန်းကအပင်ညှိုးခြောက်သွားမည်။

- ငါးအမိုင်နိုစွန့်ပစ်ပစ္စည်းများအပင်ခြေတွင်ပုံပါကအပင်ညှိုးခြောက်သွားမည်၊၊

- အပူချိန် (၂၃-၂၅)ဒီဂရီစင်တီဂရိတ်ရှိရမည်။

- နေရောင်တိုက်ရိုက်မကျသောအေးမြခြောက်သွေ့သောအရိပ်အောက်တွင်ထားရှိပါ။

အင်ဇိုင်းအသီးအပွင့်အားဆေးရည်ဖော်စပ်နည်း

(Fermented Fruit Juice)

လိုအပ်သောပစ္စည်းများ(Materials)

၁။ အရည်ရွှမ်းပြီး ချိုသောသစ်သီး အနည်းဆုံး( ၃ ) မျိုး(၆၀)ကျပ်သားဆီ

၂။ထန်းလျက်ညို / သကြားညို(၁)ပိဿာ(၈၀)ကျပ်သား

၃။ရေနွေးနွေး(၁)လီတာ

ပြုလုပ်ပုံ(Production Method)

- သစ်သီးများကို တစ်မျိုးချင်းဆီသေးငယ်သည်အထိလှီးဖြတ်ပါ။ကျေညက်အောင်ပြုလိုက်ပါ။

- ထို့နောက် တစ်မျိုးချင်းဆီအား(၆၀)ကျပ်သားဆီချိန်တွယ်ပြီးရောမွှေပါ။

- ရောမွှေပြီးသစ်သီးများအားလုံးကို(၆၀)ကျပ်သားစီထပ်မံချိန်တွယ်ပြီးသုံးပုံခွဲခြားထားပါ။

-     ပုံး(သို့)အိုးအတွင်းသို့ထည့်သွင်းရာတွင်ရောမွှေပြီးသား(၆၀)ကျပ်သားကိုပထမအကြိမ်ထည့်သွင်းပြီး၎င်းအပေါ်မှသကြားညို(၆၀)ကျပ်သားကိုဖြန့်ထည့်ရပါမည်။ထိုနည်းအတိုင်းတစ်ဆင့်ပြီးတစ်ဆင့်ကျန်နှစ်ပုံကိုထည့်သွင်းသွားပါ။

- ထပ်မံ၍(ရရှိနိုင်ပါကဘိုကာရှီ)ကို ဖြူးထည့်ပါ။

- ထို့နောက်ရေနွေး(၁)လီတာကိုထည့်သွင်းရပါမည်။အားလုံးပြီးသွားပါကအဝတ်ပါးပါး(သို့)သတင်းစာဖြင့်အုပ်ထားပါ။အိုးကိုအေးမြသောအရိပ်အောက်တွင်ထားရှိပါ။

- (၄)ရက်ကြာပြီးနောက်အထက်အောက်သမအောင်တစ်နေ့လျှင်တစ်ကြိမ်မွှေပေးရပါမည်။မွှေပြီးတိုင်းအဖုံးပြန်ပိတ်ရန်လိုအပ်ပါသည်။

- တစ်လပြည့်သောအခါအနည်အနှစ်များကိုစစ်ထုတ်ပြီးအရည်ကိုသာအင်ဇိုင်းဆေးရည်အဖြစ်အသုံးပြုနိုင်ပါသည်၊၊

အသုံးပြုနည်းနှင့်ကောင်းကျိုးများ

(Usage and Benefits)

- ဆေးရည်(၁)ဆ ရေ(၁၀၀၀)ဆဖြင့်ရောပါ။

- သီးနှံပင်များကို(၁၀)ရက်(၁)ကြိမ်ဖျန်းကအရွက်အားကောင်းစေသည်။

- အရွက်ညှိုးနွမ်းက ပြန်လည်လန်းဆန်းစေခြင်း၊ အဏုဇီဝပိုးများအစာချက်လုပ်နိုင်ရန် အထောက်အပံ့ပေးခြင်း။

- သီးနှံပင်ရင့်မှည့်ချိန်တွင်(၁၀)ရက်(၁)ကြိမ်ဖျန်းကအသီးအနှံများအာဟာရပြည့်ဝပြီးအစေ့အဆန်များအောင်မြင်မှုများစေပါသည်။

- ကြက်မွေးမြူရေးခြံများ၊ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊သစ်သီးခြံများတွင် ဖျန်း ပေးပါကရောဂါကျရောက်မှုကိုကာကွယ်နိုင်ပါသည်၊၊

- အင်ဇိုင်းအသီးအပွင့်အားဆေးရည်သည်သီးနှံပင်များနှင့်မွေးမြူရေးများတွင်စွမ်းအင်ပြန်လည်ဖြည့်တင်းပေးသည့်အကောင်းဆုံးထုတ်ကုန်တစ်ခုဖြစ်သည်။

သတိပြုရန်

-    အချဉ်ဖောက်ခြင်းဖြစ်စဉ်တွင်ပူဖောင်းအမြှုပ်ကြီးကြီးထွက်ပါကအင်ဇိုင်းအားနည်းခြင်းဖြစ်ပြီးပူဖောင်းသေးသေးလေးများထွက်လာပါကအင်ဇိုင်းအားကောင်းခြင်းဖြစ်ပါသည်။

-     အချဉ်ဓါတ်ပါသောသီးနှံ များအားရောနှောအသုံးမပြုရန်။

     (ဉပမာ-သံပရာ ၊ ရှောက် ၊လိမ္မော် စသည်ဖြင့် )

နိဂုံး

ယနေ့ခေတ်ကာလ၌စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရန်ဆောင်ရွက်သကဲ့သို့အာဟာရတန်ဖိုးမြင့်မားပြီးဘေးအန္တရာယ်ကင်းသောအစားအစာများကိုအလုံအလောက်ထုတ်လုပ်ပေးရန်လည်းလိုအပ်လျှက်ရှိပါသည်။မြေဆီလွှာအတွင်းရှိအဏုဇီဝများ၏စွမ်းဆောင်ရည်ပိုမိုတိုးတက်စေရန်သာမကဒေသတွင်းဇီဝမျိုးစုံကြွယ်ဝခြင်းနှင့်မြေဆီဩဇာကောင်းမွန်မှုကိုရေရှည်ထိန်းသိမ်းနိုင်ရန်အရေးကြီးပါသည်။ထို့ကြောင့်သဘာဝအ ရင်းအမြစ်သွင်းအားစုများကိုထိရောက်စွာအသုံးပြုခြင်းဖြင့်အနည်းဆုံအသုံးပြု၍အကျိုးအမြတ်အများဆုံးရရှိအောင်ဆောင်ရွက်ရန်၊လူသားတို့၏ကျန်းမာရေးကိုထိခိုက်နိုင်မှုအားတက်နိုင်သမျှလျော့ချစေနိုင်ရန်၊သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျော့နည်းစေရန်ဓာတုပစ္စည်းသုံးစွဲမှုလျော့ချနိုင်ပြီးဘေးအန္တရယ်ကင်းသောသီးနှံများထုတ်လုပ်၍ဝင်ငွေပိုမိုရရှိစေရန်၊ရေရှည်မြေဆီလွှာဖွံ့ဖြိုးရေးအတွက်အသုံးပြုခြင်းစသည့်အကျိုးကျေးဇူးများရရှိသဖြင့်(FFA)နှင့်(FFJ)ပြုလုပ်သုံးစွဲခြင်းကိုတိုးမြှင့်လုပ်ဆောင်သင့်ပါသည်၊၊