မြေဆီလွှာ အဟာရထက်သန်ရေး ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာ ထည့်သွင်းပေး

  • Mon, 15 August 2022


နိဒါန်း

သီးနှံများမစိုက်ပျိုးမီ(သို့မဟုတ်)သီးနှံရိတ်သိမ်းပြီးခေတ္တမြေလှပ်ချိန်တွင်အကြီးမြန်သောပဲမျိုးရင်းဝင်အပင်များကိုကြဲပက်စိုက်ပျိုးပြီးပန်းမပွင့်မီအချိန်တွင်ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့်သီးနှံပင်အတွက်လိုအပ်သောနိုက်ထရိုဂျင်ဓါတ်များကိုမြေတွင်းသို့ထည့်ပေးခြင်းကိုသစ်စိမ်းမြေသြဇာ(green manure)ကျွေးခြင်းဟုခေါ်ဆိုပါသည်။သစ်စိမ်းမြေဩဇာအဖြစ်အသုံးပြုနိုင်သည့်မျိုးများအနက်ပိုက်ဆံလျော်ကိုသစ်စိမ်းမြေသြဇာအဖြစ်ပြုလုပ်သုံးစွဲနည်းကိုတောင်သူများသိရှိလိုက်နာဆောင်ရွက်နိုင်ရန်တင်ပြအပ်ပါသည်၊၊  

ရည်ရွယ်ချက်

မြေဆီလွှာအတွင်းအာဟာရဓါတ်ဖွံ့ဖြိုးထက်သန်စေရန်၊မြေဆီလွှာတိုက်စားမှုမှကာကွယ်ရန်၊မြေတွင်းအစိုဓါတ်ကိုထိန်းသိမ်းထားရန် ဖြစ်ပါသည်။

သစ်စိမ်းမြေသြဇာသုံးစွဲရန်လိုအပ်သည့်အကြောင်းရင်း

ဓါတ်မြေသြဇာများကိုရေရှည်အသုံးပြုခြင်းဖြင့်မြေဆီလွှာအတွင်းသဘာဝမြေဆွေးများဆုံးရှုံးခြင်း၊မြေချဉ်ငံကိန်းများပြောင်းလဲလာခြင်းနှင့်အကျိုးပြုအဏုဇီဝများနည်းသွားခြင်းတို့ကြောင့်သီးနှံအထွက်လျော့ကျလာခြင်းကိုအလွယ်ကူဆုံးနှင့်အသက်သာဆုံးဖြေရှင်းနိုင်သောနည်းလမ်းမှာသစ်စိမ်းမြေသြဇာကျွေးခြင်းပင်ဖြစ်ပါသည်။

သစ်စိမ်းမြေသြဇာ အဖြစ်အသုံးပြုနိုင်သည့်မျိုးများ

သစ်စိမ်းမြေသြဇာအဖြစ်ပဲမျိုးရင်းဝင်အပင်များနှင့်ပဲမျိုးရင်းဝင်မဟုတ်သောအပင်များကိုလည်းအသုံးပြုနိုင်သော်လည်းပဲမျိူးရင်းဝင်အပင််များသည်မြေတွင်းဆွေးမြေ့မှုလျှင်မြန်ခြင်း၊သစ်ဆွေးဓါတ်များခြင်းနှင့်နိုက်ထရိုဂျင်ဓါတ်များစွာကိုမြေတွင်းထည့်ပေးသဖြင့်ပဲမျိုးရင်းဝင်အပင်များကိုပိုမိုအသုံးပြုသင့်ပါသည်။အခြားမျိုးရင်းဝင်အပင်များအားအသုံးပြုလှျင်မြေတွင်းသို့အော်ဂဲနစ်ဓါတ်ပေးစွမ်းနိုင်သော်လည်းဆွေးမြေ့မှုနှေးကွေးသဖြင့်မြေတွင်းအာဟာရဓါတ်ဖြည့်တင်းမှုနှေးကွေးနိုင်ပါသည်။



ပဲမျိုးရင်းဝင်အပင်များအနက်ပိုက်ဆံလျော်သည်အသုံးဝင်မှုများသည့်အပြင်စိုက်ပျိုးရာတွင်လည်းအခြားသီးနှံများမဖြစ်ထွန်းနိုင်သောအခြေအနေတွင်အောင်မြင်စွာစိုက်ပျိုးနိုင်သောကြောင့်ပိုက်ဆံလျော်ကိုသစ် စိမ်းမြေသြဇာအဖြစ်စိုက်ပျိုးနိုင်ပါသည်၊၊

မျိုးစေ့နှုန်းထား

သစ်စိမ်းမြေသြဇာစိုက်ပါကတစ်ဧကမျိုးစေ့နှုန်းအဖြစ်ကြဲပက်စိုက်ပျိုးခြင်းအတွက်(၄)ပြည်နှုန်း၊အတန်းလိုက်စိုက်ပျိုးခြင်းအတွက်(၂-၃)ပြည်နှုန်း၊မျိုးအဖြစ်စိုက်ပျိုးခြင်းအတွက်(၂-၃)ပြည်နှုန်းစိုက်ပျိုးရပါမည်။

စိုက်ပျိုးခြင်း

ပိုက်ဆံလျော်ကိုနေရာဒေသအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ပြီးသက်တမ်းမှာ (၄)လ မှ (၅)လ အထိကြာမြင့်ပါသည်။ပျမ်းမျှအပူချိန်အားဖြင့် (၁၅) မှ (၂၇)စင်တီဂရိတ်အတွင်းနှစ်သက်သည်။သို့သော်(၈.၄)ဒီဂရီအထိအေးသောနေရာအချို့တွင်လည်းပေါက်ရောက်နိုင်ပါသည်။ပိုက်ဆံလျော်၏အားသာချက်မှာမြေယာအထူးပြုပြင်စရာမလိုပဲစိုက်ပျိုးနိုင်ခြင်းဖြစ်ပါသည်။မြေချဉ်ငံကိန်းအနေဖြင့်(၅)မှ(၈.၅)အတွင်းတွင်စိုက်ပျိုးနိုင်သည်။ခြောက်သွေ့ခြင်းကိုခံနိုင်သော်လည်းနှင်းခါးရိုက်ခြင်း၊ဆားငံခြင်းနှင့်ရေဝပ်ခြင်းတို့ကိုခံနိုင်ရည်မရှိပါ။မြေညံ့များတွင်လည်းစိုက်ပျိုးနိုင်သည်။စိုထိုင်းဆမြင့်မားသောနေရာများတွင်ထုတ်လုပ်မှုပိုမိုကောင်းမွန်ပါသည်။ပိုက်ဆံလျော်ကိုမျိုးစေ့ထုတ်ရန်စိုက်ပျိုးပါကပင်ကြား၊တန်းကြား(၃ပေ-၁ပေ)(သို့မဟုတ်)(၂ပေ-၂ပေ)စိုက်ပျိုးသင့်ပါသည်။

ရိတ်သိမ်းခြင်း

ရိတ်သိမ်းရာတွင်သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုမည်ဆိုပါကပိုက်ဆံလျော်ကိုစိုက်ပျိုးပြီးနောက်ပန်းမပွင့်မီထယ်ထိုးမြေမြှုပ်ပေးနိုင်ပါသည်။၆၀ရက်သားတွင်ထည့်သွင်းပါကအာဟာရဓါတ်များဖြစ်သောနိုက်ထရိုဂျင်၊ဖော့စဖရပ်၊ပိုတက်ဆီယမ်နှင့်ကယ်လစီယမ်တို့၏ပါဝင်မှုကိုအကောင်းဆုံးရရှိနိုင်ပါသည်။ထိုအချိန်သည်ကစီဓါတ်ပါဝင်မှုအမြင့်ဆုံးဖြစ်သည်။(၆၀)ရက်ထက်ကျော်လွန်ပါကအမျှင်ဓာတ်များပါဝင်မှုများကာဆွေးမြေ့မှုကိုကြန့်ကြာစေနိုင်ပါသည်။အခြားတစ်နည်းမှာစိုက်ပျိုးပြီးနောက်အပင်ကြီးထွားလာချိန်၌ပထမတစ်ကြိမ်မြေပြင်မှတစ်ပေခန့်အကွာတွင်ဖြတ်တောက်ပြီးနောက်ထပ်ရက်(၇၀)သားထိဆက်လက်ရှင် သန်စေခြင်းဖြင့်ထပ်မံကြီးထွားလာသောအကိုင်းနှင့်အရွက်များကိုဒုတိယအကြိမ်ဖြတ်တောက်၍မြေတွင်းထည့်သွင်းပါကလည်းပို၍ကောင်းမွန်သောသစ်စိမ်းမြေသြဇာကိုရရှိစေနိုင်ပါသည်။မျိုးထုတ်ရန်စိုက်ပျိုးပါကအပင်သက်တမ်း(၅)လခန့်အကြာတွင်ရိတ်သိမ်းရပါမည်။

ကြုံတွေ့နိုင်သောအခက်အခဲ

ပိုက်ဆံလျှော်စိုက်ပျိုးရသည့်အတွက်ဝင်ငွေရသီးနှံစိုက်ပျိုးနိုင်မှုနည်းသွားခြင်း၊စိုက်ပျိုးချိန်ပေါ်မူတည်၍ရေပေးသွင်းရန်လိုအပ်ခြင်း၊တခါတရံမျိုးစေ့များအလွယ်တဝယ်ယူရန်ခက်ခဲခြင်းများရှိပါသည်။

အကျိုးကျေးဇူး

-မြေနေရာမရွေး စိုက်ပျိုးဖြစ်ထွန်းခြင်း

-မြေတွင်းအာဟာရဓါတ် ကြွယ်ဝစေ၍မြေသြဇာအဖြစ်အသုံးပြုနိုင်ခြင်း

-မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်း

-ပိုးမွှားရောဂါကျရောက်မှုကို တားဆီးပေးခြင်း

-သီးနှံအထွက်နှုန်း တိုးတက်လာစေခြင်း

-ဓါတ်မြေသြဇာသုံးစွဲမှုကိုလျော့နည်း၍ကုန်ကျစရိတ်သက်သာစေခြင်း

-မျိုးအဖြစ်ထုတ်လုပ်ပါကအပိုဝင်ငွေရရှိနိုင်ခြင်း

-လျော်အဖြစ် အသုံးပြုနိုင်ခြင်း

နိဂုံး

ယနေ့ခေတ်ကာလ၌စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရန်ဆောင်ရွက်သကဲ့သို့မြေဆီလွှာ၏ကျန်းမာရေးသည်လည်းအထူးဂရုပြုရန်လိုအပ်လာပြီဖြစ်ပါသည်။ပိုက်ဆံလျှော်သည်မြေဆီလွှာအတွင်းရှိသီးနှံပင်များကြိုက် နှစ်သက်သောအာဟာရများကိုတိုးပွားစေပြီးသဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျော့နည်းစေခြင်းကြောင့်သစ်စိမ်းမြေသြဇာအဖြစ်စိုက်ပျိုးရန်အသုံးဝင်သည့်အတွက်သီးနှံပင်များနှင့်သီးလှည့်စိုက်ပျိုးခြင်း၊ဝင်ငွေပိုမိုရရှိစေရန်အတွက်လျှော်အဖြစ်ထုတ်လုပ်နိုင်ခြင်း၊ရေရှည်မြေဆီလွှာဖွံ့ဖြိုးရေးအတွက်မြေသြဇာအဖြစ်လည်းအသုံးပြုခြင်း၊စီးပွားဖြစ်မျိုးစေ့ထုတ်လုပ်ရောင်းချ၍ဝင်ငွေတစ်ဖက်တစ်လမ်းမှရရှိအောင်ဆောင်ရွက်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိသဖြင်သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်းကိုတိုးမြှင့်လုပ်ဆောင်သင့်ပါသည်။