မြေဩဇာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲပေး

  • Wed, 10 August 2022


မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲပေး

နိဒါန်း

သီးနှံပင်များအတွက်အာဟာရဓါတ်ပိုမိုရရှိစေရန်ရည်ရွယ်၍ဓာတ်မြေဩဇာများကိုသုံးစွဲရမည့်ပမာဏထက်ပိုမိုသုံးစွဲခြင်းအချိုးညီစွာအသုံးမပြုခြင်းစသည့်လွဲမှားသောနည်းစနစ်များဖြင့်သုံးစွဲခြင်းများကြောင့်စိုက် ပျိုးမြေများအတွင်းမြေဆီလွှာပျက်စီးလာခြင်းနှင့်ညစ်ညမ်းမှုများဖြစ်ပေါ်လာခြင်းစသောဆိုးကျိုးများဖြစ်ပေါ်မှုကိုလျော့နည်းစေရန်မိမိတို့စိုက်ပျိုးသောသီးနှံများ၏စွန့်ပစ်ပစ္စည်းများ၊ဘေးထွက်ပစ္စည်းများအသုံး ပြု၍သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းကိုအများပြည်သူသိရှိစေရေးတင်ပြအပ်ပါသည်၊၊သဘာဝမြေဩဇာဆိုသည်မှာသက်ရှိသတ္တဝါနှင့်အပင်တို့၏ရုပ်ကြွင်းများ၊စွန့်ပစ်ပစ္စည်းများနှင့်ဘေးထွက်ပစ္စည်းများကိုအဏုဇီဝသက်ရှိများနှင့်ဆွေးမြေ့စေပြီးအပင်များမှအသင့်စားသုံးနိုင်သည့်အာဟာရဓာတ်များရရှိစေရေးအတွက်ပြုပြင်စီမံ၍ရရှိသောပစ္စည်းများကိုဆိုလိုပါသည်။ 

အသုံးပြုနိုင်သောကုန်ကြမ်းပစ္စည်းများ

သီးနှံပင်တို့၏အကြွင်းအကျန်များ(ကောက်ရိုး၊ဂျုံရိုး၊ပဲရိုး၊ပြောင်းဖူးရိုး၊ပြောင်းဖူးအူ တိုင်၊နှမ်းရိုး၊ငှက်ပျောအူတိုင်၊ပဲဖက်ခွံ၊မြေပဲခွံ၊ဗေဒါ၊ပေါင်းပင်များ၊လွှစာမှုန့်)၊တိရစ္ဆာန်ချေး(နွားချေး၊မြင်းချေး၊ဝက်ချေး၊ကြက်ချေး၊ဘဲချေး)

သဘာဝမြေဩဇာပြုလုပ်ပုံအဆင့်ဆင့်

ဩဂဲနစ်ပစ္စည်းများနှင့် တိရစ္ဆာန်အညစ်အကြေးများကိုအလွှာလိုက်စုပုံရပါမည်။ထိုသို့စုပုံရာ၌စုပုံရမည့်အလွှာထပ်များအားအောက်ပါအတိုင်းအခြေခံအားဖြင့်စုပုံနိုင်ပါသည်။

- ပထမအလွှာတွင်သီးနှံပင်အရိုး အရွက်ခြောက်များကို(၈-၁၀)လက်မခန့်အထူရသည်အထိဖြန့်ခင်းရပါသည်၊၊

- ဆွေးမြေ့စေရန် အကူပစ္စည်းများအဖြစ်နုန်းမြေမှုန့်၊နွားချေးနှင့် ပြာမှုန့်များကိုရေတွင်ပျစ်ပျစ်ဖျော်၍ အပုံပေါ်သို့ပက်ဖျန်းပေးရပါမည်။

- ဒုတိယအလွှာတွင်စိမ်းစိုသောပေါင်းမြက်များ ၊အရွက်များ၊ပင်စည်များ၊သစ်သီးပုပ်များ၊အပင်ကြီးများမှအကိုင်း၊အခက်၊အရွက်များကို ဓားဖြင့်စင်း၍အသုံးပြုနိုင်ပါသည်။

- အလွှာ၏ထုမှာ(၈)လက်မမှ(၁၀)လက်မအထိ ရှိရပါမည်။ထိုအလွှာပေါ်တွင်ရေလောင်းရန်မလိုပါ။

- တတိယအလွှာတွင် နွားချေး ၊ကြက်ချေး၊ဝက်ချေးစသည်များကို အခြောက်ဖြစ်စေ၊အစိုဖြစ်စေနှစ်မျိုးစလုံးကိုမြေကြီး၊သစ်ဆွေးများနှင့်ရောနှော၍(၂-၄)လက်မ အထိရရှိအောင်ပြုလုပ်ပါ။

- အကယ်၍တိရစ္ဆာန်အညစ်အကြေး အနည်းငယ်သာရရှိနိုင်ပါကရေဖျော်၍(၁/၂)လက်မထိရရှိအောင်လောင်းပေးပါ။

- အလွှာများကိုအစဉ်အတိုင်း တစ်ထပ်ပြီးတစ်ထပ်စုပုံပြီး(၃)ပေခွဲ(၄)ပေခန့်မြင့်သည်အထိလိပ်ခုံးပုံသန်စုပုံရပါမည်။

- မြေဆွေးပုံ၏ အမြင့်သည်(၄)ပေခွဲကျော်ပါကအောက်ဆုံးလွှာရှိအဏုဇီဝများ ကောင်းစွာအလုပ်မလုပ်၍ဆွေးမြေ့မှုနောက်ကျမည်ဖြစ်ပါသည်။မြေဆွေးပုံတွင်လေဝင်လေထွက်ကောင်းမွန်စေရန်အတွက်ဒေါင်လိုက် ဝါး သို့မဟုတ် ဒုတ်များ စိုက်ထားရပါမည်။

မြေဆွေးပုံအစိုဓာတ်ရရှိစေရန်နှင့်တိရစ္ဆာန်များမဖျက်ဆီးနိုင်ရန်အတွက်အကာအ ကွယ်ပေးရန်လိုအပ်ခြင်း

- မြေဆွေးပုံကိုမိုးရေများ စိမ့်မဝင်စေရန်နှင့် အပူဓာတ်ထိန်းသိမ်းရန် ရွံ့စေး(သို့မ ဟုတ်)ပလပ်စတစ်ဖြင့်ဖုံးအုပ်ထားပါ

- မြေဆွေးပုံမပျက်စီးစေရန် အောက်ခြေတွင် ကျောက်တုံးများစီခြင်း(သို့မဟုတ်)အကာအရံပြုလုပ်ခြင်းဆောင်ရွက်ပါ။

- မြေဆွေးပုံ၏ အလယ်သားများဆွေးမြေ့လာပါကအပုံကိုအထက်အောက်လှန်ပေးပြီးရေအနည်းငယ်ဖျန်းပေးပါ။

- ယခင်မြေဆွေးပုံအမြင့်၏တစ်ဝက်ခန့်ရှိ၍အတွင်းသားအရောင်ညိုမဲကာအနံ့ဆိုးများပျောက်သွားပါကသဘာဝမြေဩဇာအဖြစ်သုံးစွဲနိုင်ပြီဖြစ်ပါသည်။

သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့်ရရှိသည့်အကျိုးကျေးဇူးများ

- မြေဆီလွှာကောင်းမွန်ထက်သန်စေရန်လိုအပ်သောသစ်ဆွေးဓာတ်များကိုပေးနိုင်ခြင်း ၊

- မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ ပိုမိုကောင်းမွန်စေခြင်း ၊

- စေးသောမြေကို ဖွယ်စေ၍ဖွယ်သောမြေကို စေးစေခြင်း ၊

- မြေဆီလွှာအတွင်း အစိုဓာတ်ကို ပိုမိုထိန်းသိမ်းထားနိုင်ခြင်း ၊

- မြေ၏အချဉ်အငံ(pH)ဓာတ်ကိုထိန်းညှိပေးခြင်း ၊

- မြေတွင်းအဆိပ်အတောက်များကို ဓာတ်ပြယ်စေခြင်း ၊

- အပင်အတွက်လိုအပ်သောအာဟာရဓာတ်များကိုဖြေးဖြေးနှင့်မှန်မှန်ပေးနိုင်ခြင်း

- သီးနှံပင်အမြစ်များအတွက်လေဝင်လေထွက်ကောင်းမွန်စေခြင်း ၊

- အပင်အတွက်အဓိကလိုအပ်သောအာဟာရဓာတ်အပြင်အနည်းလိုအာဟာရဓာတ်များပါပါဝင်သဖြင့်အရည်အသွေးပြည့်ဝသောသီးနှံများထုတ်လုပ်နိုင်ခြင်း

- ပမာဏများများ ထည့်သွင်းသော်လည်းအပင်များအားမြေဩဇာလောင်မှုမဖြစ်ပေါ်ခြင်း

- ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများထုတ်လုပ်နိုင်ခြင်း ၊

- သဘာဝမြေဩဇာကို အသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမဖြစ်ပေါ်ခြင်း ၊

- ဓာတ်မြေဩဇာဝယ်ယူရသည့်ကုန်ကျစရိတ်လျော့ချနိုင်ခြင်း