ဘေးအန္တရာယ်ကင်းစွာစားသုံးဖို့ သဘာဝဆေးသုံးကာ စိုက်ကြစို့

  • Wed, 10 August 2022

နိဒါန်း

သီးနှံဖျက်ပိုးများကိုနှိမ်နှင်းရန်အတွက်အဆိပ်ရှိပစ္စည်းများနှင့်ဖန်တီးပြုလုပ်ထားသောဓါတုပိုးသတ်ဆေးများသုံးစွဲနေမှုကိုလျော့ချနိုင်ရန်သဘာဝမှရရှိသောအရင်းအမြစ်များ(သို့)မိမိပတ်ဝန်းကျင်တွင်အလွယ်တ ကူရရှိနိုင်သောကုန်ကြမ်းများကိုအသုံးချပြုလုပ်သုံးစွဲသည့်ပိုးသတ်ဆေး(သို့)ပိုးနှင်ဆေးများကိုသဘာဝပိုးသတ်ဆေး”(Natural Pesticide”) ဟုခေါ်သည်။မိမိတို့ကိုယ်တိုင်အလွယ်တကူပြုလုပ်သုံးစွဲနိုင်သောသဘာဝပိုးသတ်ဆေး(သို့)ပိုးနှင်ဆေးများပြုလုပ်အသုံးပြုပုံများကိုတောင်သူများသိရှိနားလည်ဆောင်ရွက်နိုင်စေရန်တင်ပြအပ်ပါသည်။ 

ရည်ရွယ်ချက်

အစားအစာများဘေးအန္တရာယ်ကင်းရှင်းစေရန်ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေရန် ကုန်ကျစရိတ်သက်သာစေရန် ဖြစ်ပါသည်။

သဘာဝပိုးသတ်ဆေးများသုံးစွဲရန်လိုအပ်လာသည့် အကြောင်းအရင်း

ယခုအခါဓါတုပိုးသတ်ဆေးများကိုကြိမ်ဖန်များစွာနှင့်ရေရှည်သုံးစွဲခြင်းကြောင့်အစားအစာများအပင်နှင့်မြေဆီလွှာတို့တွင်ဓါတ်ကြွင်းများကျန်ရှိနေခြင်းနှင့်အကျိုးပြုအဏုဇီဝပိုးမွှားများသေကြေပျက်စီးပြီးနည်းပါးလာမှုကိုကြုံတွေ့နေရသောကြောင့်သဘာဝပိုးသတ်ဆေး(သို့)ပိုးနှင်ဆေးများကိုပြုလုပ်သုံးစွဲရန်လိုအပ်လာပါသည်။

အီးအမ်-၅ ( သဘာဝပိုးနှင်ဆေး)

အီးအမ်-၅သည်သီးနှံပင်များကိုအင်းဆက်ပိုးမွှားအန္တရာယ်မှကာကွယ်ရန်အသုံးပြုသည့်သဘာဝပိုးနှင်ဆေးတစ်မျိုးဖြစ်ပါသည်။ပိုးမွှားများကိုသေစေနိုင်သောပိုးသတ်ဆေးမဟုတ်ပဲမိမိ၏သီးနှံပင်များကိုပိုးမွှားများကျရောက်မှုအန္တာရယ်မှကာကွယ်ရန်အတွက်ကြိုတင်အသုံးပြုသောပိုးသတ်ဆေးဖြစ်ပါသည်။ပိုးမွှားများအစားစားချင်စိတ်မဖြစ်ရန်ဖန်တီးပေးနိုင်သောကြောင့်ပိုးမွှားအရေအတွက်ကို လျော့နည်းသွားစေပါသည်။

အီးအမ်-၅ ပြုလုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ

၁။   အီးအမ်အပြင်း     = 100 cc (စားပွဲတင်ဇွန်း ၁၀ဇွန်း)

၂။   တင်လဲရည်          = ၁၀၀ cc  ( စားပွဲတင်ဇွန်း ၁၀ဇွန်း)

၃။   ရှာလကာရည်      = ၁၀၀ cc  ( စားပွဲတင်ဇွန်း ၁၀ဇွန်း)    

၄။   အရက်အပြင်း      = ၁၀၀ cc  ( စားပွဲတင်ဇွန်း ၁၀ဇွန်း)

၅။    ရေ                    = ၆၀၀ cc  ( ရေသန့်ဗူးထုံးတိုက်)

ပြုလုပ်ပုံပြုလုပ်နည်း

ပထမဉီးစွာရေအနည်းငယ်ကိုရေသန့်ဗူးထဲသို့ထည့်ရပါမည်။ထို့နောက်အရက်အပြင်းစားပွဲတွင်ဇွန်း(၁၀)ဇွန်းထည့်ရပါမည်။ရှာလကာရည်(၁၀)ဇွန်းကိုထပ်မံထည့်ရပါမည်။အဏုဇီဝပိုးမွှားများသေကြေပျက်စီးမှုမရှိစေရန်အတွက်၎င်းတို့၏အစာဖြစ်သောတင်လဲရည်(၁၀)ဇွန်းကိုအီးအမ်အပြင်းမထည့်ထည့်ပြီးသမအောင်မွှေပေးရမည်။ထို့နောက်မှအီးအမ်အပြင်း(၁၀)ဇွန်းကိုထည့်ရမည်။နောက်ဆုံးတွင်ရေကိုရေသန့်ဗူးပုခုံးတိုက်ထိထည့်ပေးရပါမည်။ရရှိလာသောဆေးရည်ကိုအေး၍ခြောက်သွေ့ပြီးမှောင်နေသောနေရာတွင်သိုလှောင်ထားရပါမည်။(၁၀‒၁၅)ရက်ခန့်ကြာတွင်စတင်အသုံးပြုနိုင်ပါသည်။အီအမ်‒၅ကိုပြုလုပ်ပြီး(၃)လခန့်အထိသိမ်းဆည်းသိုလှောင်ထားပြီးသုံးစွဲနိုပါသည်။

အသုံးပြုပုံ/အသုံးပြုနည်း

အပင်ပေါက်စုံလင်ပြီးအင်းဆက်ပိုးမွှားများမကျရောက်မီအချိန်မှစတင်၍ပတ်ဖျန်းပေးရပါမည်။ပိုးမွှားများကျရောက်မှုမရှိပါကတစ်ပတ်လျှင်တစ်ကြိမ်ခန့်ပုံမှန်ပတ်ဖျန်းခြင်းဖြင့်ကြိုတင်ကာကွယ်နိုင်ပြီးပိုးမွှားကျရောက်မှုတွေ့ရှိိချိန်တွင်နေ့စဉ်ပတ်ဖျန်းပေးသင့်ပါသည်။အပင်ငယ်များအတွက်ရေ(၂)ဂါလံတွင်စားပွဲတင်ဇွန်း(၁)ဇွန်း၊(၁၁၀၀)နှုန်းရောစပ်ပြီးအပင်ကြီးများအတွက်ရေ(၁)ဂါလံတွင်(၁)ဇွန်း(၁၅၀၀)နှုန်းရောစပ် ၍ပတ်ဖျန်းနိုင်ပါသည်။မနက်ပိုင်းနှင့်ညနေပိုင်းများတွင်ပတ်ဖျန်းသင့်ပြီးမိုးသည်းထန်စွာရွာသွန်းပြီးပါကထပ်မံပတ်ဖျန်းပေးရန်လိုအပ်ပါသည်။ 

အကျိုးကျေးဇူးများ

အီအမ်-၅သည်ပိုးသတ်ဆေးမဟုတ်သည့်အတွတ်လူနှင့်ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိနိုင်ပါ။တောင်သူလယ်သမားများအနေဖြင့်မိမိကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်သောကြောင့်ကုန်ကျစရိတ်သက်သာနိုင်ပါသည်။မိမိတို့စိုက်ခင်းတွင်အင်းဆက်ပိုးမွှားများကျရောက်မှုအန္တရာယ်မှကာကွယ်ပေးနိုင်သည့်အပြင်အကျိုးပြုအဏုဇီဝပိုးများပွားများလာစေရန်အတွက်လည်းအထောက်အကူပြုပေးနိုင်မည်။သီးနှံပင်ရေငတ်ဒဏ်ကိုအတန်အ သင့်ခံနိုင်ရည်ရှိစေပြီးကြီးထွားမှုကိုလည်းအားပေးပါသည်။သီးနှံရိတ်သိမ်းပြီးအကွက်အတွင်းရိုးပြတ်များကိုပတ်ဖျန်းပေးခြင်းဖြင့်ပိုးမွှားများ၏သံသရာစက်ကွင်းကိုတားဆီးနှောက်ယှက်နိုင်ပါသည်။

Botanical Plant Foltar

ပင်လုံးပြန့် သဘာဝပိုးသတ်ဆေးရည်

ကြက်သွန်ဖြူ၊ ဂျင်း ၊ ငရုတ်သီးတို့ကိုအသုံးပြုထားသောပိုးသတ်ဆေးရည်သည်ပင်လုံးပြန့်အာနိသင်ရှိသောသဘာဝပိုးသတ်ဆေးရည်တစ်မျိုးဖြစ်ပါသည်။အဆိပ်ရှိပစ္စည်းပါဝင်ခြင်းမရှိသော်လည်းသီးနှံပင်ဖျက်ပိုးများကိုကာကွယ်နှိမ်နင်းနိုင်သောသဘာဝပိုးသတ် ဆေးဖြစ်ပါသည်။

လိုအပ်သောပစ္စည်းများ

၁။ ကြက်သွန်ဖြူ - (၃) ကျပ်သား

၂။ ဂျင်း - (၁.၅) ကျပ်သား

၃။ ငရုတ်သီး - (၁.၅) ကျပ်သား

၄။ ရေနံဆီ - (၁.၂) ကျပ်သား

၅။ ရွှေဝါဆပ်ပြာ - အနည်းငယ် 

၆။ ရေ - (၃) လီတာ

ပြုလုပ်ပုံပြုလုပ်နည်း

ပထမဦးစွာကြက်သွန်ဖြူကိုထောင်းပြီးရေနံဆီထည့်ထားသောရေသန့်ဗူးထဲသို့ထည့်စိမ်ရပါမည်။၎င်းရေဗူးထဲသို့ရေ(၁)လီတာ(ရေဗူးပုခုံးတိုက်ထိ)ရောစပ်၍တစ်ညသိပ်ထားရပါမည်။ဂျင်းနှင့်ငရုတ်သီးကိုထောင်းပြီးရေ(၁)လီတာနှင့်ရောစပ်၍တစ်ညသိပ်ထားရပါမည်။ကျန်ရှိသောရေတစ်ဗူးတွင်ရွှေဝါဆပ်ပြာကိုရေ(၁)လီတာနှင့်ရောစပ်ထည့်ထားရပါမည်။နောက်ရက်တွင်ရရှိလာသော(ရေနံဆီနှင့်ကြက်သွန်ဖြူဂျင်းနှင့်ငရုတ် သီးဗူး၊ရွှေဝါဆပ်ပြာဗူး)ဗူး(၃)ဗူးကိုရောစပ်၍ရေစစ်နှင့်စစ်ပြီးပတ်ဖျန်းအသုံးပြုနိုင်ပါသည်။(မှတ်ချက်ရေနံဆီမှာပင်လုံးပြန့်အာနိသင်ရရှိရန်၊ရွှေဝါဆပ်ပြာမှာရေနှင့်ရေနံဆီရောစပ်သွားစေရန်) 

အသုံးပြုပုံ/အသုံးပြုနည်း

ဆေးရည်တစ်ဇွန်းကိုရေ(၁)ဂါလံ-(၁၅၀၀)နှုန်းနှင့်ရောစပ်အသုံးပြုသင့်ပါသည်။ မနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ပတ်ဖျန်းသင့်ပါသည်။ 

အကျိုးကျေးဇူးများ

အဆိပ်ရှိစေသောဓါတုပစ္စည်းများပါဝင်ခြင်းမရှိသည့်အတွက်လူနှင့်ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိနိုင်ပါ။မိမိအိမ်တွင်ရှိနေသောကုန်းကြမ်းပစ္စည်းများအသုံးပြုရသဖြင့်အချိန်ကုန်ငွေကုန်သက်သာနိုင်ပါသည်။ပင်လုံးပြန့်အာနိသင်ရှိသောသဘာဝပိုးသတ်ဆေးဖြစ်သောကြောင့်သီးနှံပင်တွင်ကျရောက်သောပိုးမွှားများကိုထိရောက်စွာနှိမ်နှင်းနိုင်မည်ဖြစ်ပါသည်။

Bordeaux Mixture (Fungicide)

ဒုတ္တာဆေးရည် (မှိုသတ်ဆေး)

ဘော်ဒိုးဆေးရည်သည်ဒုတ္ထာနှင့်ထုံးကိုရောစပ်ပြီးမှိုရောဂါများကိုကာကွယ်နှိမ်နှင်းသောသဘာဝမှိုသတ်ဆေးရည်တစ်မျိုးဖြစ်ပါသည်။ဘတ်တီးရီးယားနှင့်မှိုရောဂါအများစုကိုကာကွယ်နှိမ်နှင်းနိုင်ပါသည်။

လိုအပ်သောပစ္စည်းများ

၁။မဖောက်ထုံး - (၅) ကျပ်သား

၂။ဒုတ္ထာ - (၅) ကျပ်သား

၃။ရေ - (၂) ဂါလံ

(မှတ်ချက်-ဆေးရည်ဖျော်သောခွက်များနှင့်မွှေသည့်တုတ်များမှာသံထည်ပစ္စည်းများမသုံးရပါ။

ပြုလုပ်ပုံပြုလုပ်နည်း

ခွက်တစ်ခုအတွင်းတွင်မဖောက်ထုံးနှင့်ရေ(၁)ဂါလံထည့်၍သမအောင်တုတ်ဖြင့်မွှေရပါမည်။အခြားခွက်တစ်ခုတွင်ဒုတ္ထာနှင့်ရေ(၁)ဂါလံကိုထည့်၍သမအောင်မွှေရပါမည်။ထို့နောက်တွင်အခြားခွက်တစ်ခုထဲသို့မ ဖောက်ထုံးဖျော်ရည်နှင့်ဒုတ္ထာဖျော်ရည်တို့ကိုရောစပ်ပြီးသမအောင်မွှေရပါမည်။ရရှိလာသောဆေးရည်ကို(၂၄)နာရီအတွင်းအသုံးပြုနိုင်ပါသည်။ 

အသုံးပြုပုံအသုံးပြုနည်း

ရရှိလာသောဘော်ဒိုးဆေးရည်သည်(၂)ဂါလံဆေးပုံးအတွက်အသုံးပြုနိုင်ပါသည်။မိုးရွာနေစဉ်၊အလွန်ပူပြင်းခြောက်သွေ့နေချိန်နှင့်အပင်ရေငတ်၍အားနည်းညှိုးနွမ်းနေချိန်မပတ်ဖျန်းသင့်ပါ။ဖျော်စပ်ပြီး(၂၄)နာရီအ တွင်းမသုံးဖြစ်သေးပါကသကြားအနည်းငယ်ထည့်ထားရပါမည်။ 

အကျိုးကျေးဇူးများ

တောင်သူများအနေဖြင့်ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ခြင်းကြောင့်ကုန်ကျစရိတ်သက်သာနိုင်ပါသည်။အဆိပ်ရှိသောပစ္စည်းများပါဝင်မှုမရှိခြင်းကြောင့်လူနှင့်ပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းပါသည်။သီးနှံပင်များတွင်ကျရောက်တက်သောဘတ်တီးရီးယားနှင့်မှိုရောဂါ များကိုနှိမ်နင်းနိုင်ပါသည်။

နိဂုံး

ယနေ့ခေတ်ကာလ၌စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရန်ဆောင်ရွက်သကဲ့သို့ပတ်ဝန်းကျင်ထိခိုက်မှုနှင့်လူတို့၏ကျန်းမာရေသည်လည်းအထူးဂရုပြုရန်လိုအပ်လာပြီဖြစ်ပါသည်။ဓာတုပိုးသတ်ဆေးများသုံးစွဲမှုကိုလျော့ချပြီးသဘာဝပိုးသတ်ဆေး/ပိုးနှင့်ဆေးများကိုပြုလုပ်သုံးစွဲခြင်းသည်တောင်သူများအတွက်ကုန်ကျစရိတ်ကိုလျော့ချနိုင်ရုံသာမကပတ်ဝန်းကျင်ထိခိုက်မှုကိုလည်းတစ်ဖတ်တစ်လမ်းမှကာကွယ်ပေးနိုင်ခြင်းဖြစ်ပါ သည်။ရေရှည်တည်တံ့သောစိုက်ပျိုးရေစနစ်ကိုဖော်ဆောင်ရာတွင်သဘာပိုးသတ်ဆေး/ပိုးနှင်ဆေးများကိုကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်သုံးစွဲရန်လိုအပ်နေပြီဖြစ်ပါကြောင်းအကြံပြုတင်ပြအပ်ပါသည်။