၁။ လူး၊ ဆပ် သီးနှံအကြောင်းမိတ်ဆက်

မြန်မာအမည် လူး၊ဆပ်

အင်္ဂလိပ်အမည်         Millet

ရုက္ခဗေဒအမည်         မျိုးအလိုက်ရှိသည်။

မျိုးရင်း Gramineae

မူရင်းဒေသ အာရှအရှေ့ဖျား

၂။ စိုက်ပျိုးထုတ်လုပ်မှု

မြန်မာနိုင်ငံတွင် လူးသီးနှံကိုအဓိကအားဖြင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် စိုက်ပျိုးကြပြီး ဆပ်သီးနှံကို ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြသည်။ ချင်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး ကျန်ဒေသများတွင် အနည်းငယ်သာ စိုက်ပျိုးကြသည်။ လူးသီးနှံအနေဖြင့် ဒေသမျိုးများဖြင့်သာ စိုက်ပျိုးကြပါသည်။ ဆပ်သီးနှံအနေဖြင့် ဆပ်နီ၊ဆပ်ဝါနှင့် ဒေသမျိုးများ စိုက်ပျိုးကြပါသည်။  လူး/ဆပ်သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး စိုက်ပျိုးသော ကောက်ပဲသီးနှံများအနက်မှ တစ်ခုဖြစ်သည်။ အာဖရိကနှင့် အရှေ့တောင်အာရှတွင် နှစ်ထောင်ပေါင်းများစွာ စိုက်ပျိုးလာခဲ့ကြသည်။ ကမ္ဘာတဝှမ်းတွင် ထုတ်လုပ်မှုတန်ချိန် (၂၉.၇သန်းကျော်) ရှိ၏သည့်အနက် အိန္ဒိယနိုင်ငံတွင် ကမ္ဘာတွင်အများဆုံး စိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်ပြီး ၎င်းနောက်တွင် နိုင်ဂျီးရီးယားသည် ဒုတိယအများဆုံးစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ နိုင်ဂျာနိုင်ငံသည် တတိယအများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်သည်။

၃။ ဆပ်ပြောင်းအမျိုးအစား ခွဲခြားခြင်း

အဓိကအားဖြင့် လူးနှင့်ဆပ်ဟူ၍ နှစ်မျိုးရှိသည်။ လူး(Common millet) ပင်စည်ကို တိရစ္ဆာန်တို့စားမိလျှင်ပူသောကြောင့်မစားနိုင်၊ဆပ်(Italian millet)ပင်စည်ကိုမူတိရစ္ဆာန်တို့စားသုံးနိုင်သည်။လူးတွင်ရိုးရိုးလူး(Panicummiliaceum)နှင့်မြက်လူး(Panicummiliare)တို့ရှိကြသည်။ဆပ်တွင်အီတလီဆပ်(Setariaitalical)ကုလားဆပ် (PennsetumtyPhoide )ဂျပန်ဆပ် ၊ ဆပ်နီ၊ ဟန်ဂေရီဆပ်၊ ကိုဒါဆပ် ဟူ၍အမျိုးမျိုးရှိကြသည်။လူး/ဆပ်သီးနှံများသည် ပျမ်းမျှအားဖြင့် အသက်ရက် ၈၀ မှ ၁၀၀ အတွင်းရှိပြီး အပင်အမြင့် ၁၀ ပေ ခန့်အထိ ရှိသည်။တစ်ဧကလျှင် အစေ့ထွက်နှုန်း တင်း ၂၀ ထိ ထွက်ရှိနိုင်ပြီး အရိုးထွက်နှုန်း၈ တန် မှ ၁၀ တန် အထိထွက်ရှိနိုင်သည်။

၄။ လူး/ဆပ် စိုက်ပျိုးခြင်း

ဆပ်သည် မြေအမျိုးအစားမရွေးသော်လည်း မြေသြဇာထက်သန်ကောင်းမွန်သော မြေတွင် အထွက်ပိုကောင်းသည်။ ဆပ်သည် ပူနွေးသော ရာသီဥတုကြိုက်နှစ်သက်သော်လည်း အမြင့်ပေခြောက်ထောင်အထိရှိသော ကုန်းမြင့်များတွင်လည်း စိုက်ပျိုးနိုင်သည်။ သို့သော် နေ့တာတိုသောအခါမှ ပန်းပွင့်သည့်နေ့တာတို ကြိုက်ပင်ဖြစ်သည်။ မိုးစကျသည်နှင့် ထွန် ၅ စပ်၊ ၆ စပ် ဝင်ပြီးနောက် စိုက်ပျိုးရန် အသင့်ဖြစ်သည်။ မြေမာမှ ထယ်ကို သုံးရသည်။ အပူပိုင်းဒေသ သဲဆန်သော မြေတွင် ထယ်သုံးလေ့ သုံးထမရှိပါ။ ဆပ်ကို မိုးနှင့် မိုးနှောင်းတွင် စိုက်ပျိုးနိုင်သည်။ဆပ်ကို နွားစာအတွက် ကြဲပက်၍ စိုက်ပျိုးနိုင်ပြီး ကြဲပြီးက ထွန်ဖြင့် ဖုံးရသည်။ အပင်ပေါက် လာလျှင် ထူလွန်းက ထွန်ဖြင့်မှုန်းရသည်။ဤနည်းသည်တစ်ဧကလျှင် မျိုးစေ့သုံးပြည်မှ လေးပြည် လိုအပ်သည်။အတန်းလိုက် စိုက်ပါက တစ်တန်း နှင့် တစ်တန်း တစ်ပေခွာပြီး တစ်ပင် နှင့် တစ်ပင် အများဆုံးနှစ်လက်မခွာ၍ စိုက်ပျိုးရသည်။ဤနည်းသည်တစ်ဧကလျှင်မျိုးစေ့တစ်ပြည်နှစ်ပြည်ခန့်လိုအပ်သည်။အစေ့များသည် သေးငယ်သော ကြောင့် မြေအနက် လက်မဝက်ခန့်သာထား၍ စိုက်ပျိုးသင့် သည်။ သဲဆန်သောမြေနှင့် အစိုဓာတ်ဆုတ်ယုတ်နေသောမြေမျိုးတို့တွင် တစ်လက်မ ကျော်ကျော် အနက်ထား၍ စိုက်ပျိုးသင့်သည်။ အပင်အသက်သုံးလခွဲလေးလအကြာတွင် ရိတ်သိမ်းနိုင်သည်။ အနှံထိပ်ဖျားပိုင်းအစေ့များမှစ၍ အနှံအရင်းပိုင်းအစေ့များအထိ တစ်စတစ်စရင့်မှည့်သည်။ လုံး၀မရင့်မီရက်အနည်းငယ်စော၍ ရိတ်သိမ်းမှ အလေအလွင့်နည်းစေသည်။ ထိုအချိန်၌ အပင်မှာမူစိမ်းနေသေးသည်။ ဆပ်တွင် ကျရောက်တတ်သောဖျက်ပိုးနှင့် မှိုရောဂါအထင်အရှားမတွေ့ရှိရသေးပါ။

လူး/ဆပ်သီးနှံ စိုက်ပျိုးနည်းစနစ်ကောင်းများ 

မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ရရှိအောင် ဆောင်ရွက်ပါ။

တစ်ဧက အပင်ဦးရေ  (၆၅၀၀၀) ပင် ရရှိအောင် ပင်ကြား (၄) လက်မ၊ တန်းကြား (၂) ပေဖြင့် စိုက်ပါ။

သဘာဝ မြေသြဇာကို တက်နိုင်သမျှ ထည့်သွင်းပါ။ 

မြေသြဇာနှုန်းထား

ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ         - ၂၈ ပေါင်/ဧက၊ 

တီစူပါ (ကြွက်ချေး) ဓာတ်မြေသြဇာ    -  ၅၆ ပေါင်/ဧက နှင့် 

ပိုတက်ရှ် (ဓာတ်ဆား) ဓာတ်မြေသြဇာ - ၂၈ ပေါင်/ဧက နှုန်း မြေပြင်ချိန်တွင် ထည့်ပါ။

အပင်သက်တမ်း (၂၀) ရက်သားအား ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ ၂၈ ပေါင်/ဧက နှုန်း၊ အပင်သက်တမ်း (၃၅) ရက်သားအား ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ ၅၆ ပေါင်/ဧက နှုန်း ထည့်ပေးရပါမည်။

အပင်ပေါက်စုံပြီး (၁၄) ရက်သားတွင် တစ်ကျင်းလျှင် တစ်ပင်ချန်၍ သားခွဲပါ။

စိုက်ကွက်တွင် ရေမဝပ်စေရန် ဆောင်ရွက်ပါ။

အပင်သက်တမ်း (၃၅ မှ ၄၀) ရက်သားတွင် ဘောင်တင်ပြီးသည်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။

ပန်းဖြိုင်ဖြိုင်ပွင့်ပြီး (၂၅ မှ ၃၀) ရက်အတွင်း ရိတ်သိမ်းနိုင်ပါသည်။

၅။မြန်မာနိုင်ငံတွင်စိုက်ပျိုးထုတ်လုပ်မှု

၂၀၂၀-၂၀၂၁ခုနှစ်စိုက်ပျိုးရာသီတွင် ဆပ်သီးနှံအား ကချင်ပြည်နယ်၊ ကယားပြည်နယ် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒသကြီးတို့တွင်စိုက်ပျိုးကြပြီးအထူးသဖြင့် ချင်းပြည်နယ်တွင် (၈၇၆၃) ဧကစိုက်ပျိုးပြီး စုစုပေါင်းစိုက်ဧက၏ (၈၃) ရာခိုင်နှုန်းကျော် စိုက်ပျိုးပါသည်။ ပြည်ထောင်စုချုပ်အနေ ဖြင့်စိုက်ဧက (၁၀၄၇၇) စိုက်ပျိုးပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်း (၁၁.၃၂) တင်းနှုန်းဖြင့် စုစုပေါင်းအထွက်တင်း (၁၁၈၆၀၂) ထွက်ရှိခဲ့ပါသည်။ တိုင်းဒေသကြီး / ပြည်နယ်အလိုက် စိုက်ပျိုးထွက်ရှိမှုအခြေအနေအား အောက်ပါ အတိုင်းဖော်ပြအပ်ပါသည်။

စိုက်ပျိုးဧရိယာ ဟက်တာ (၄၂၄၀) စိုက်ပျိုးပြီး အထွက်မက်ထရစ်တန်(၂၉၅၃) ထွက်ရှိခဲ့ပါသည်။

၂၀၂၀-၂၀၂၁ ခုနှစ်စိုက်ပျိုးရာသီ၌လူးသီးနှံအားကချင်ပြည်နယ်တွင် (၅၅၇)ဧကနှင့်စစ်ကိုင်းတိုင်းဒေသကြီးတွင်(၆၂၀၈)ဧကစုစုပေါင်းပြည်ထောင်စုချုပ် (၆၇၆၅) ဧက စိုက်ပျိုးပြီးအထွက်တင်း(၈၂၇၉၂)တင်းစိုက်ပျိုးထွက်ရှိခဲ့ပါသည်။



မြန်မာနိုင်ငံတွင်လူးနှင့်ဆပ်စုစုပေါင်းစိုက်ဧ(၁၇၂၄၂)သာစိုက်ပျိုးပြီးနှံစားသီးနှံများအနက်အနည်းဆုံးစိုက်ပျိုးထုတ်လုပ်သည့်သီးနှံဖြစ်ပါသည်။   

ကမ္ဘာတွင်စိုက်ပျိုးထုတ်လုပ်မှု

Source: FAO အရ၁၉၉၂ခုနှစ်တွင် စိုက်ဧရိယာဟက်တာသန်းပေါင်း (၃၈.၁၀) စိုက်ပျိုးခဲ့ပြီး တစ်ဟက်တာ ပျမ်းမျှအထွကနှုန်း (၀.၇၄) တန်နှုန်းဖြင့် အထွက်တန်သန်းပေါင်း(၂၈.၃၈)တန် ထွက်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။ အများဆုံးစိုက်ပျိုးထွက်ရှိသည့် နိုင်ငံများကို အောက်ပါအတိုင်း ကောက်နှုတ်ဖော်ပြအပ်ပါသည်။

လူး/ဆပ်သီးနှံကို အာဖရိကတွင်ထုတ်လုပ်မှု၏ (၆၀ )ရာခိုင်နှုန်း၊ Asianနိုင်ငံများတွင်ထုတ်လုပ်မှု၏ (၃၅) ရာခိုင်နှုန်း၊ ဥရောပနိုင်ငံများတွင်(၄)ရာခိုင်နှုန်းနှင့်မြောက်အမေရိကတွင်(၁)ရာခိုင်နှုန်းစိုက်ပျိုး ထုတ်လုပ် ကြောင်းသိရှိရပါသည်။

လူး/ဆပ်ကမ္ဘာတွင်စိုက်ပျိုးထုတ်လုပ်မှု

အသုံးပြုပုံ 

မြန်မာနိုင်ငံတွင်ယခင်ကအဓိကအားဖြင့် ကျွဲစာ၊နွားစာအဖြစ်အသုံးပြုခဲ့ကြပြီးဆန်ရှားပါးသောဒေသများတွင် ဆန်အစား စားသုံးကြပါသည်။အညာဒေသတွင် သုံးလွန်းတင်ဟုခေါ်သောပဲ၊ပြောင်း၊ လူး၊ ဆပ်၊ နှံစားပြောင်းတို့ကိုဆန်နှင့်သုံးမျိုးရောစပ်၍စားသုံးခဲ့ကြပါသည်။ဆပ်ကြို၊ ဆပ်မုန့်၊ လူးမုန့်၊မုန့်ဖက်ထုပ်၊ မုန့်ပဲဆုပ်၊ မုန့်လေပွေ တို့ကိုသရေစာအဖြစ်စားသုံးခဲ့သည်။ ဆပ်သီးနှံကို ဒေသတွင်းသုံးစွဲသည့် ခေါင်ရည်ချက်လုပ်ကြပါသည်။ ဆပ်သီးနှံကို မုန့်ပဲသရေစာနှင့် တိရိစ္ဆာန်စာ အဖြစ်လည်းကောင်းအသုံးပြုကြပါသည်။ကမ္ဘာတဝှမ်းရှိ မိုးနည်းရေရှားဒေသများတွင် အဓိကအစားအစာအဖြစ်လည်းကောင်း၊ ပေါင် မုန့်ပြုလုပ်ရာတွင်လည်းကောင်း၊ အရက်ဘီယာထုတ်လုပ်ခြင်း၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရာတွင်အသုံးပြုခြင်းနှင့်တိရိစ္ဆာန်အစားအစာဖြစ်လည်းအသုံးပြုကြောင်းတွေ့ရှိရပါသည်။ တရုတ်နိုင်ငံတွင်မြေဆီလွှာအစိုဓာတ်ထိန်းသည့်သီးနှံပင်အဖြစ်လည်းကောင်း၊ ပိုးမွှားရောဂါ ကျရောက်မှုကို လျှော့ချရန် ထောက်ချောက်သီးနှံပင်အဖြစ်လည်းကောင်း၊တရုတ်၊ ဂျာမန်နှင့် ရှရားနိုင်ငံတို့တွင် ရိုးရာဟင်းရည်တစ်မျိုးအဖြစ် အသားနှင့်ဟင်းသီးဟင်းရွက်များတို့နှင့်ရော၍လည်း စားသုံးကြကြောင်းတွေ့ရှိရသည်။

အာဟာရဓါတ်ပါဝင်မှု

လူး/ဆပ်သီးနှံတို့တွင် အမျှင်ဓါတ်များ၊ပရိုတင်း နှင့် မရှိမဖြစ်လိုအပ်သောသတ္ထုဓါတ်များ(Fibre, Protein, Vitamin A, B နှင့် ဖော့စ်ဖော့ရပ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်၊ Niacin၊ ကာဗိုဟိုက်ဒရိုက်နှင့် သံဓာတ်တို့) ပါဝင်ပြီး ဆီးချိုရောဂါရှိသူများအတွက် ကောင်းမွန်သည့် အစားအစာဖြစ်သည်။ အာရုံကြောအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေပြီး အရိုးနှင့် ကြွက်သားများကို ကျန်းမာကြံ့ခိုင်စေသည်။ antioxidants ကြွယ်ဝသော သီးနှံ ဖြစ်သည်။ ကိုယ်အလေးချိန်ကို လျော့ချရာတွင် အကူအညီဖြစ်စေပြီး အစာခြေစနစ်၏ ကျန်းမာရေးကို ကောင်းမွန်စေသည့် အာဟာရများ ပေါကြွယ်ဝစွာပါဝင်သော သီးနှံဖြစ်သည်။အာဟာရဓါတ်များအနေဖြင့် Calories: 207, Carbs: 41g, Fiber:7.7g, Fat:1.7g, Phosphorus: 25% of the Daily Value (DV), Magnesium:19% of the Daily Value (DV),Folate:8% of the Daily Value (DV)နှင့် Iron:6% of the Daily Value (DV) တို့ပါဝင်ကြောင်းသိရှိရပါသည်။