စပါးစိုက်ပျိုးထုတ်လုပ်မှု

        မြန်မာနိုင်ငံသည် စပါးပေါက်ရောက်သည့် မူရင်းဒေသအဖြစ်သတ်မှတ်ခံရသည်။ မြန်မာနိုင်ငံတွင် စပါးကို သမိုင်းမစတင်မီ အချိန်ကတည်းက စိုက်ပျိုးထုတ်လုပ်ခဲ့ကြပါသည်။ စူးအက်တူးမြောင်း စတင်ဖွင့်လှစ် အသုံးပြုသည့် ၁၈၆၉ ခုနှစ်တွင် ကုန်ပစ္စည်းများရောင်းဝယ်ဖောက်ကားခြင်းများ တိုးတက်လာခဲ့သည့် အတွက် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် စပါးစိုက်ပျိုးထုတ်လုပ်ခြင်းကို တိုးချဲ့စိုက်ပျိုးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီကပင် စပါးစိုက်ပျိုးထုတ်လုပ်သည့်ဧရိယာ တဖြေးဖြေး တိုးတက်လာခဲ့ပြီး (၅) မီလီယံဟတ်တာအထိ စိုက်ပျိုးခဲ့ကြသည်။ နှစ်စဉ် စပါးတင်ပို့သည့်ပမာဏမှာ (၃) မီလီယံတန်အထိရှိပြီး မြန်မာနိုင်ငံသည် ကမ္ဘာတွင်ဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်လာခဲ့သည်။  

     သို့သော်လည်း စစ်ပြီးကာလတွင် လူထုဆူပူအုံကြွမှုများနှင့် စစ်ပွဲကြောင့်ပျက်စီးဆုံးရှုံးမှု များကြောင့် စပါးစိုက်ပျိုးသည့်ဧရိယာလျော့ကျခဲ့သည်။ လွတ်လပ်ရေးရပြီးသည့် ၁၉၄၈ ခုနှစ်တွင် စပါးစိုက်ပျိုးထုတ်လုပ်မှုသည် စစ်မဖြစ်မီကာလ ၁၉၆၅ ခုနှစ်ဝန်းကျင် စပါးစိုက်ပျိုးထုတ်လုပ်မှု ပမာဏအထိ ပြန်လည်စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည်။ ၁၉၆၅ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်ကာလအတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုသည် အနည်းငယ်တိုးတက်လာခဲ့သည်။ တိုးတက်လာသည့်လူဦးရေအတွက် အစားအစာလုံလောက်ရန်နှင့် စပါးတင်ပို့မှုတိုးတက်လာစေရန်ရည်ရွယ်၍ ၁၉၇၇-၁၉၇၈ ခုနှစ်များက စပါးစိုက်ပျိုးသည့်နည်းပညာအသစ်ဖြစ်သည့် Training and Visit Extension Approach ကိုအခြေခံပြီး မြန်မာနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် စပါးစိုက်ပျိုးသည့် တိုးချဲ့ပညာပေးနည်းလမ်းသစ်ဖြစ်သည့် အထူးအထွက်တိုးနည်းပညာပေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ကြသည်။ နည်းပညာပေးလုပ်ငန်း များလုပ်ဆောင်ရာတွင် တစ်မြို့နယ်လုံး စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ လုပ်ဆောင်ပြီး နည်းဗျူဟာများကို အချက် (၅) ချက်ဖြင့် ထိရောက်စွာလုပ်ဆောင်ခဲ့ကြသည်။
၁။ နည်းပညာသစ်များဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်း
၂။ အစိုးရအထောက်အပံ့နှင့် ဦးဆောင်လုပ်ကိုင်ခြင်း
၃။ စပါးစိုက်ပျိုးထုတ်လုပ်မည့်နေရာရွေးချယ်ခြင်းနှင့် ထိရောက်စွာလုပ်ဆောင်ခြင်း
၄။ အဖွဲ့အစည်းများဖြင့်ပူးပေါင်းလုပ်ဆောင်ခြင်းနှင့်
၅။ စံပြကွက်များလုပ်ဆောင်ခြင်းနှင့် ယှဉ်ပြိုင်မှုများပြုလုပ်ခြင်း

တစ်မြို့နယ်လုံးစပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကို စပါးစိုက်ပျိုးထုတ်လုပ်သည့် နည်းပညာများဖြစ်သည့် အောက်ပါအချက် (၁၀) ချက်ဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
၁။ အထွက်ကောင်းမျိုးများအသုံးပြုခြင်း
၂။ သင့်တော်သည့် ထွန်ယက်နည်းစနစ်
၃။ တစ်ယူနစ်ဧရိယာအတွင်း ကောက်ကွက်များများစိုက်ပျိုးခြင်း
၄။ ၂၅-၃၀ သက်တမ်းရှိသည့် ပျိုးပင်များကို ရွှေ့ပြောင်းစိုက်ပျိုးခြင်း
၅။ ထောက်ခံထားသည့် ဓါတ်မြေဩဇာနှုန်းထားများအသုံးပြုခြင်း
၆။ မြေခံတွင် သဘာဝမြေဩဇာအသုံးပြုခြင်း
၇။ သင့်တော်သည့် ပေါင်းနှိမ်နင်းနည်း
၈။ ကောင်းမွန်သည့် ရေသွင်းရေထုတ်နည်းလမ်းများ
၉။ ပိုးမွှား၊ ရောဂါကာကွယ်နှိမ်နင်းနည်းများနှင့်
၁၀။ ရိတ်သိမ်းချိန်တွင် အလေအလွှင့်ဆုံးရှုံးမှုများလျော့နည်းအောင်လုပ်ဆောင်ခြင်း

၎င်းစပါးစိုက်ပျိုးထုတ်လုပ်သည့်နည်းပညာသစ်ကို လက်ခံကျင့်သုံးခြင်းဖြင့် မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးထုတ်လုပ်မှုကို မျှော်လင့်ထားသည့်အတိုင်း အရှိန်အဟုန်မြှင့်တင်နိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းကာလတွင် စပါးစိုက်ပျိုးထုတ်လုပ်သည့်နည်းပညာအသစ်ဖြင့် စတင်ဆောင်ရွက်ပြီးနောက်ပိုင်း သွင်းအားစုကုန်ကျစရိတ်မြင့်မားခြင်း၊ လုပ်အားခမြင့်မားခြင်းနှင့် အခြားအပင်ပြုစု စောင့်ရှောက်သည့် အချက်များကြောင့် စပါးသီးနှံ၏ ပျမ်းမျှ အထွက်နှုန်းမှာ တစ်ဟတ်တာလျှင် ၁၈၀၄-၂၃၂၀ ကီလိုဂရမ် နှုန်းတွင် ရပ်တန့်နေသည်။ သို့သော် စိုက်ပျိုးရေရရှိသည့် နေရာဒေသများတွင် နွေစပါးစိုက်ပျိုးထုတ်လုပ် ခဲ့ခြင်းကြောင့် ၁၉၉၂-၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရာတွင်  အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့သည်။ နွေစပါး စိုက်ပျိုးထုတ်လုပ်မှုသည် ဆည်များဆောက်လုပ်ခြင်း၊ တာတမံများဆောက်လုပ်ခြင်း၊ ရေလှောင်တမံများ ဆောက်လုပ်ခြင်း၊ လက်ရှိအသုံးပြုနေသော ရေသွင်းရေထုတ်နည်းလမ်းများကို တိုးတက်အောင် လုပ်ဆောင်ခြင်း၊ မြစ်ရေတင်များတည်ဆောက်ခြင်း၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် မြေအောက်ရေအသုံးပြုစိုက်ပျိုးခြင်း စသည့်လုပ်ငန်းများတွင် အစိုးရ၏ ထောက်ပံ့မှုအားကောင်းသောကြောင့် တစ်နှစ်ပြီးတစ်နှစ် အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ အကျိုးရလဒ်များအနေဖြင့် မိုးစပါးစိုက်ဧရိယာ (၆.၈၂) မီလီယံဟတ်တာနှင့် နွေစပါးစိုက်ဧရိယာ (၁.၂၇) မီလီယံဟတ်တာရှိပြီး၊ စုစုပေါင်းစပါးစိုက်ဧရိယာမှာ (၈.၀၉) မီလီယံဟတ်တာ စိုက်ပျိုးခဲ့သည်။ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု (၂၅.၈၀) မီလီယံတန်နှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှု (၅.၆၅) မီလီယံတန်၊ စုစုပေါင်းစပါးစိုက်ပျိုးထုတ်လုပ်မှု (၃၁.၄၅) မီလီယံတန်ထွက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။