နှံစားပြောင်း(Sorghum)

မြန်မာနိုင်ငံတွင်စိုက်ပျိုးထုတ်လုပ်မှု

၂၀၂၀-၂၀၂၁ ခုနှစ်စိုက်ပျိုးရာသီတွင် နှံစားပြောင်း(Sorghum) သီးနှံအား ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတို်ငးဒေသကြီးတို့တွင် စိုက်ပျိုးကြပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တွင် စိုက်ဧက (၁.၃) သိန်း ကျော်နှင့် မန္တလေးတိုင်းဒေသကြီးတွင်စိုက်ဧက (၁.၆) သိန်းကျော်စိုက်ပျိုးပါသည်။ ပြည်ထောင်စုချုပ် အနေဖြင့် စိုက်ဧက (၃.၉)သိန်းကျော် စိုက်ပျိုးပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၁၃.၁၈) တင်းနှုန်းဖြင့် စုစုပေါင်း အထွက်တင်း (၅၁.၈)သိန်းကျော် ထွက်ရှိခဲ့ပါသည်။ နှံစားသီးနှံများအနက် တတိယအများဆုံးစိုက်ပျိုးသည့် သီးနှံဖြစ်ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စိုက်ပျိုးထွက်ရှိမှုအခြေအနေအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။



   မြန်မာနိုင်ငံတွင် ၂၀၂၀-၂၀၂၁ ခုနှစ် နှံစားပြောင်းစိုက်ပျိုးရာသီတွင်စုစုပေါင်းစိုက်ဧရိယာဟက်တာထောင်ပေါင်း (၁၆၀) ကျော်စိုက်ပျိုးခဲ့ပြီးတစ်ဟက်တာပျမ်းမျှအထွက်နှုန်း (၉၁၅) ကီလိုဂရမ်နှုန်းဖြင့်အထွက်ကလိုဂရမ်သန်းပေါင်း (၁၄၆) ခန့်ထွက်ရှိခဲ့ပါသည်။


ကမ္ဘာတွင်စိုက်ပျိုးထုတ်လုပ်မှု


Source: FAO, ၁၉၉၁ အရ ၁၉၉၀ ခုနှစ်တွင် စိုက်ဧရိယာ ဟက်တာထောင်ပေါင်း (၄၄၃၅၂) စိုက်ပျိုးခဲ့ပြီး တစ်ဟက်တာပျမ်းမျှ အထွက်နှုန်း (၁၃၁၂) ကီလိုဂရမ်နှုန်းဖြင့် အထွက် ကီလိုဂရမ် သန်းပေါင်း (၅၈၁၉၀) ထွက်ရှိခဲ့ကြောင်းသိရှိရပါသည်။

အိန္ဒိယတွင် အများဆုံးစိုက်ပျိုးပြီး စိုက်ဧရိယာ ဟက်တာထောင်ပေါင်း (၁၅၃၀၀)၊ ဒုတိယအများဆုံး အနေဖြင့် နိုက်ဂျီးရီးယားတွင် ဟက်တာထောင်ပေါင်း (၆၀၀၀) နှင့် တတိယအများဆုံးအနေဖြင့် အမေရိကန် ပြည်ထောင်စုတွင် ဟက်တာထောင်ပေါင်း (၃၆၇၄) စိုက်ပျိုးသည်ကိုသိရှိရပါသည်။

အိန္ဒိယတွင် အထွက်ကီလိုဂရမ်သန်းပေါင်း (၁၂၅၀၀)၊ နိုက်ဂျီးရီးယားတွင် ကီလိုဂရမ်သန်းပေါင်း (၄၀၀၀) နှင့် အမေရိကန်ပြည်ထောင်စုတွင်ကီလိုဂရမ်သန်းပေါင်း(၁၄၅၁၆) ထွက်ရှိကြောင်းသိရှိရပါ သည်။

အသုံးပြုပုံ

ခြောက်သွေ့ပူပြင်းသောဒေသများတွင် ကျွဲစာ၊နွားစာအဖြစ် အသုံးပြုခဲ့ကြပြီး ဆန်ရှားပါး သော ဒေသများတွင် ဆန်အစား စားသုံးကြပါသည်။ ယခင်က အညာဒေသတွင် သုံးလွန်းတင် ဟုခေါ်သော ပဲ၊ပြောင်း၊ လူး၊ ဆပ်၊ နှံစားပြောင်း တို့ကို ဆန်နှင့် သုံးမျိုးရောစပ်၍ စားသုံးခဲ့ကြပါသည်။ ဂျုံကြို၊ ဆပ်ကြို၊ ဆပ်မုန့်၊ လူးမုန့်၊ မုန့်ဖက်ထုပ်၊ မုန့်ပဲဆုပ်၊ မုန့်လေပွေ တို့ကို သရေစာ အဖြစ်စားသုံးခဲ့သည်သာမက ယခုအခါ နှံစားပြောင်းကို ကိတ်မုန့်၊ ပေါင်မုန့်၊ မုန့်ကြွပ် ပြုလုပ်ရာတွင် ဂျုံမှုန့်နှင့် ရောစပ်အသုံးပြုခြင်း၊ အရက်ဘီယာ ထုတ်လုပ်ခြင်း၊ ကော်၊ ဖယောင်း၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုခြင်း၊ သကြားထုတ်လုပ်ခြင်း၊ တိရိစ္ဆာန် အစားအစာဖြစ်လည်း အသုံးပြုကြောင်း တွေ့ရှိရပါ သည်။ 

နှံစားပြောင်းသည် ကမ္ဘာတွင် ပဉ္စမမြောက်အရေးပါဆုံးသော နှံစားသီးနှံဖြစ်ပြီး အာဖရိက၊ အမေရိကအလယ်ပိုင်းနှင့် တောင်အာရှတို့တွင် အဓိကအရေးပါသော စားနပ်ရိက္ခာသီးနှံဖြစ်ပြီး တိရိစ္ဆာန်စာ အဖြစ်လည်း အသုံးပြုသည်။ ပေါင်မုန့်နှင့်အရက်ယမကာများထုတ်လုပ်ရာ တွင်လည်း အသုံးပြုသည်။ 

အာဟာရဓါတ်ပါဝင်မှု

နှံစားပြောင်းသည် အာဟာရဓါတ်များစွာ ကြွယ်ဝသောသီးနှံဖြစ်သည်။ ၎င်းတွင် အမျှင်ဓါတ် များ၊ပရိုတင်း နှင့် မရှိမဖြစ်လိုအပ်သောသတ္ထုဓါတ်များ (Fibre, Protein, Vitamin B1, B2, B 5, B6 နှင့် မဂ္ဂနီဆီယမ်၊ ဖော့စ်ဖော့ရပ်၊ ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒရိုတ်) ပါဝင်ပြီး ဆီးချိုရောဂါရှိသူ များအတွက် ကောင်းမွန် သော အစားအစာဖြစ်သည်။ အရိုးများကျန်းမာကြံ့ခိုင်စေပြီး antioxidants ကြွယ်ဝသော သီးနှံ ဖြစ်သည်။ ကိုယ်အလေးချိန်ကို ကျစေပြီး အစာခြေစနစ်၏ ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး အာဟာရများ ကြွယ်ဝစွာပါဝင်သော သီးနှံဖြစ်သည်။

အာဟာရဓါတ်များအနေဖြင့် Calories: 316, Protein: 10g, Fat: 3g, Carbohydrate: 69g, Fiber:6g, Vitamin B1 (thiamine):26% of the Daily Value, Vitamin B2 (riboflavin):7% of the DV, Vitamin B5 (pantorhenic):7% of the DV တို့ပါဝင်ကြောင်းသိရှိရပါသည်။


အာဟာရဓါတ်ရှုဒေါင့်မှမြန်မာနိုင်ငံ၏ Food & Nutrition security အတွက်အရေးပါမှု အခြေအနေ

မြန်မာနိုင်ငံသည်ရေ၊မြေ၊ ရာသီဥတု စုံလင်ပြီး နှံစားသီးနှံ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှုသီးနှံ၊ နှစ်ရှည်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ ဟင်းသီးဟင်းရွက်နှင့်ဥယျာဉ်ခြံသီးနှံ စသည်ဖြင့် သီးနှံအမည်ပေါင်း (၆၀)ကျော် စိုက်ပျိုးထုတ်လုပ်နိုင်သောနိုင်ငံဖြစ်သဖြင့် နိုင်ငံသားများအတွက်လိုအပ်သော အာဟာရဓါတ်မျိုးစုံ ကိုရရှိအောင်ဖန်တီးဖော်ဆောင်ပေးနိုင်သည့် သဘာဝတရားကြီးကိုပိုင်ဆိုင်ထား သော နိုင်ငံဖြစ်ပါသည်။ 

မြန်မာနိုင်ငံတွင် လူး၊ ဆပ် နှင့် နှံစားပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေသည် နှံစားသီးနှံ စိုက်ဧကများ၏ (၂.၆၈) ရာခိုင်နှုန်း၊ သီးနှံစုံစိုက်ဧကများ၏ (၁.၁၀) ရာခိုင်နှုန်းသာ စိုက်ပျိုးသဖြင့် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေအရ အလွန်နည်းပါးသည်ကို တွေ့ရှိရပါသည်။ ထွက်ရှိလာသည့် ထွက်ကုန်အပေါ် တိုက်ရိုက်သုံးစွဲမှုနည်းပါးပြီး ရိုးရာခေါင်ရည်နှင့် အရက်ချက် လုပ်ခြင်း၊ ဖြည့်စွက်စာအဖြစ်အသုံးပြုခြင်းနှင့် တိရိစ္ဆာန်အစာအဖြစ် သုံးစွဲခြင်းတို့သာ ပိုမိုများပြား ပါသည်။

လူး၊ဆပ်နှင့် နှံစားပြောင်းသီးနှံသည် အာဟာရဓာတ်ပါဝင်မှုမြင့်မားသောသီးနှံဖြစ်သဖြင့်ဆန်၊ ပဲတို့နှင့် ရောစပ်၍ တန်ဖိုးမြှင့် အစားအစာအဖြစ်စားသုံးတတ်လာစေရန် ပညာပေးမှုများ ဆောင်ရွက်ခြင်းနှင့် ပြည်တွင်းပြည်ပဈေးကွက်များရရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ရာသီဥတုပြောင်းလဲမှုအပေါ် မှုတည်၍ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရာတွင် ရေလိုအပ်မှုနည်းသော နှံစားပြောင်း၊ လူး၊ ဆပ် သီးနှံများကို ရေးဆွဲထည့်သွင်းစိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားတိုးတက်ကာ တောင်သူများဝင်ငွေတိုးတက်လာစေမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဒေသတစ်ခုနှင့်တစ်ခု သွားလာမှုခက်ခဲခြင်း နှင့် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်ရန် ရေ၊ မြေ၊ သဘာဝ အခြေအနေမသင့်လျော်သည့် ဒေသများအတွက်သာ အာဟာရဓါတ် ရှုဒေါင့်မှ Food & Nutrition security အတွက်အရေးပါသည့် သီးနှံဖြစ်ကြောင်းသုံးသပ် တင်ပြအပ်ပါသည်။



နှံစားပြောင်းစိုက်ပျိုးနည်းစနစ်

နှံစားပြောင်းသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ရရှိစေရေးအတွက်အထောက်အကူပြုပေးနိုင်သည့်အောက်ဖော်ပြပါစိုက်ပျိုးနည်းစနစ်များအတိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါ သည်။ 

စိုက်ပျိုးနည်းစနစ်

- စိုက်ပျိုးရာတွင်တန်းကြား(၂၄)လက်မမျိုးစေ့များကိုထွန်ကြောင်းထဲတွင်ဖြူးချစိုက်ပျိုးရမည်။အနှံအတွက်အဓိကထားပါကတစ်ဧကလျှင်မျိုးစေ့နှုန်းတစ်တင်းအသုံးပြုရမည်။

- ပြောင်းရိုးအတွက်အဓိကထားစိုက်ပျိုးပါကတန်းကြား(၁၆)လက်မမျိုးစေ့ကိုစိုက်ကြောင်းထဲတွင်ဖြူးချစိုက်ပျိုးရမည်။မျိုးစေ့နှုန်း(၁.၅)တင်းနှုန်းအသုံးပြုရမည်။

- မြေပြုပြင်ချိန်တွင်နွားချေး၊သဘာဝမြေဩဇာကိုတစ်ဧကလျှင်လှည်း(၁၀-၁၅)စီးနှုန်းထည့်သွင်းရမည်။

- အထွက်နှုန်းပိုမိုရရှိရန်ယူရီးယား(၂၈)ပေါင်၊တီစူပါ(၅၆)ပေါင်နှင့်ပိုတက်ရှ်(၂၈)ပေါင်နှုန်းကိုမြေပြင်စဉ်တွင်ထည့်ရန်လိုအပ်ပြီးအပင်သက်တမ်း(၂၀)ရက်သားတွင်ယူရီးယား(၂၈) ပေါင်နှုန်း၊အပင်သက်တမ်(၃၅)ရက်သားတွင်ယူရီးယား(၅၆)ပေါင်နှုန်းထပ်မံထည့်ပေးရမည်။

မြေအမျိုးအစား

- (ရေဝပ်သောမြေ၊စမ်းပေါက်သောမြေ၊ကျောက်စရစ်မြေ)တို့မှအပကျန်မြေများတွင်စိုက်ပျိုးဖြစ်ထွန်းပါသည်။အကောင်းဆုံးမြေမှာနုံးမြေစေးဖြစ်ပါသည်။

- မြေချဉ်ငံဓာတ်(၇.၅)မှ(၈.၅)အတွင်းစိုက်ပျိုးနိုင်သည်။ 

စိုက်ပျိုးချိန်

မိုးဦးနှင့် မိုးနှောင်းကာလများတွင်စိုက်ပျိုးနိုင်ပြီးမိုးရေချိန်(၂၅)လက်မအောက်ရွာသွန်းသောဒေသများတွင်မိုးဦးပိုင်း(မေ၊ ဇွန်လ)၌စိုက်ပျိုးရမည်။မိုးရေချိန်(၂၅)လက်မထက်ရွာသောဒေသများတွင်မိုးဦး/မိုးနှောင်းနှစ်ချိန်စလုံးစိုက်ပျိုးနိုင်သည်။ 

မျိုး

- အထွက်နှုန်းကောင်းမွန်သောရွှေနီမျိုး-၁၅၊ ရေဆင်းနှံစားပြောင်း-၇၊ ရေဆင်းနှံစားပြောင်း-၈နှင့်ရေဆင်းနှံစားပြောင်း-၉တို့ကိုရွေးချယ်စိုက်ပျိုးရပါမည်။

သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း

- စိုက်ပျိုးပြီး(၁၅)ရက်သားမှစ၍(၅)သွားသံထွန်ဖြင့်(၂-၃)ကြိမ်ပေါင်းတင်မြေဆွပေးရမည်။

- အစေ့အတွက်စိုက်ပျိုးပါကအပင်ပေါက်ထူလွန်းလျှင်အထူအပါးလိုက်၍(၃)သွား(သို့မဟုတ်)(၅)သွားထွန်ဖြင့်အပင်မှုန်းပေးရမည်။ 

ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ

- နှံစားပြောင်းများကို ရိတ်သိမ်းရာတွင် အရင်းမှကပ်၍ရိတ်ပြီးအကွက်ထဲတွင်အခြောက်ခံထားရမည်။ 

- ပြောင်းရိုးများမခြောက်မီအနှံများကိုတံစဉ်ဖြင့်ဖြတ်သိမ်းရမည်။ 

- အနှံများကိုတလင်းတွင်ဖြန့်ကာနွားဖြင့်နင်းနယ်၍အစေ့များကိုခြွေထုတ်ရမည်။

တန်ဘိုးမြှင့်ထုတ်ကုန်များ

- ကိတ်မုန့်၊ပေါင်မုန့်၊မုန့်ကြွပ်ပြုလုပ်ရာတွင်ဂျုံမှုန့်နှင့်ရောစပ်အသုံးပြုနိုင်ခြင်း

- ဒေသသုံးခေါင်ရည်နှင့်အရက်ဘီယာထုတ်လုပ်ခြင်း

- ကော်၊ဖယောင်းစသည့်လူသုံးကုန်ပစ္စည်း စသည့်တန်ဘိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ပါသည်။