နေကြာသီးနှံစိုက်ပျိုးနည်းစနစ်

နေကြာသီးနှံ တစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် အထောက်အကူပြု ပေးနိုင်သည့် အောက်ဖော်ပြပါနေကြာသီးနှံစိုက်ပျိုးနည်းစနစ်များအတိုင်း ဆောင်ရွက်သွားရမည်ဖြစ် ပါသည်။

စိုက်ပျိုးနည်းစနစ်

- နေကြာသီးနှံကို တန်းကြား ၂ပေ × ပင်ကြား၉ လက်မ ဖြင့် စိုက်ပျိုးသင့်ပါသည်။

- သဘာဝမြေဩဇာကို တစ်ဧကလျှင် (၂)တန်မှ (၁၄)တန်အသုံးပြုခြင်းသည် ဓာတ်မြေဩဇာသုံးစွဲမှု  (၅၀) ရာခိုင်နှုန်းသက်သာစေသည်။

- ရေသွင်းစိုက်ဧရိယာများတွင် တစ်ဧကလျှင် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်နှင့် ပိုတက်ကို (၂၄-၃၂-၂၄) ကီလိုနှုန်းနှင့် မိုးကောင်းသောက် ဧရိယာများအတွက် တစ်ဧကလျင်(၁၆-၂၀-၁၆)ကီလိုနှုန်းထည့်သွင်း ပေးရန်လိုအပ်သည်။

- အော်တာနေရီးယားရွက်ခြောက်ရောဂါသည် အပင်ကြီးထွားမှုအဆင့်တိုင်းတွင်တိုက်ခိုက်ခံရနိုင်သည်။ သို့သော်အပင်ရင့်များတွင်ပိုမိုကျရောက်သည်။ ဆိုးရွားစွာကျရောက်ပါက အရွက်များညှိုးပြီး သေသွား မည်။ ပင်စည်များကျိုးပဲ့ပြီး အစေ့ခိုင်များညှိုးခြောက်သွားမည်။

- ကြပ်ခိုးပုပ်ရောဂါသည် အပင်ခြေတွင် အရောင်မည်းသွားပြီးအလယ်အူတိုင်ကွဲသွားပြီး၊ နောက်ပိုင်း တွင် အပင်ရိုးတံအမျှင်များ အရှည်လိုက်ဖွာသွားပြီး အနက်ရောင်စကလယ်ရို ရှားမှိုများဖြင့် ဖုံးအုပ် လာကာ ထင်ရှားသော ကြပ်ခိုးပုပ်ပုံသဏ္ဌာန်ဖြစ်လာသည်။

- ပင်စည်ဖြတ်ပိုးများနှင့် မြစ်စားကျိုင်းများသည် နေကြာပင်ပေါက်များကိုဖျက်ဆီးပြီး ရွက်ဖြတ်ပိုးနှင့် သီးလုံးဖောက်ပိုးများသည် အရွယ်ရောက်အပင်များ တွင်ဖျက်ဆီးမှုတွေ့ရသည်။ သင့်တော်သော ပိုးသတ်ဆေး များဖြင့် ပက်ဖျန်းကာကွယ်နိုင်သည်။

မြေအမျိုးအစား

- နေကြာသည် မြေသားနက်ရှိုင်းပြီးကောင်းစွာ မွနေသော နုန်းဆန်သဲမြေ(သို့) သဲနုန်းမြေများတွင် ဖြစ် ထွန်းသည်။ ရွံ့စေးမြေ(သို့) မြေကျစ်လွှာခံသောမြေများ တွင်မစိုက်ပျိုးသင့်ပါ။

စိုက်ပျိုးချိန်

- မြန်မာနိုင်ငံအထက်ပိုင်းတွင် မတ်-ဧပြီ (သို့) ဇူလိုင်-ဩဂုတ်လ များတွင် စိုက်ပျိုးပြီး စက်တင်ဘာ-အောက်တိုဘာ တွင်ရိတ်သိမ်းသည်။ ရှမ်းပြည်နယ်၌ မိုးနှောင်းတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။

- မြန်မာနိုင်ငံအောက်ပိုင်း၌ ရေသွင်းဒေသများတွင် နိုဝင်ဘာလ - ဒီဇင်ဘာလ အထိ စိုက်ပျိုးနိုင်ပြီး ဖေဖော်ဝါရီ-မတ်လတွင် ရိတ်သိမ်းနိုင်သည်။

မျိုးရွေးချယ်ခြင်း

- အပင်ပေါက်ရာခိုင်နှုန်း ( ၈၀ မှ ၉၀ ) ခန့်ရှိပြီး မျိုး သန့်မျိုးစေ့ဖြစ်သင့်သည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းမှာ (၇-၉) ကီလိုနှုန်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးလျှက်ရှိသောမျိုးများမှာ ဆင်းရွှေကြာ-၁၊ ဆင်းရွှေကြာ-၂ ၊ ရေဆင်းစပ်မျိုး -၁ တို့ဖြစ်ပါသည်။ 

သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း

- ပေါင်းမြက်ကာကွယ်နိုင်နင်းခြင်း၊ လက်ပေါင်းတစ်ကြိမ်လိုက်ခြင်းနှင့် စိုက်ပြီး (၃၅) ရက်အတွင်း ကြား ပေါင်း လိုက်ခြင်းပြုလုပ်ရမည်။

- နေကြာသည် ရေဝပ်ဒဏ်မခံနိုင်၍ ရေစီးရေထုတ်ကောင်းရန်လိုအပ်သည်။

- အပင်၏ဇီဝကမ္မပိုင်းဆိုင်ရာရင့်မှည့်ချိန်အထိရေငတ်ခြင်းမရှိ၊ ရေလုံလောက်စွာရရှိရန်အရေးကြီးသည်။

- အဖူးဝင်ချိန်နှင့် ၅၀%  ပန်းပွင့်ချိန် ရေလိုအပ်ပါက ရေသွင်းပေးရန်လိုအပ်သည်။

ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ

- နေကြာပွင့်၏ပွင့်ဖတ်အုံအဝါရောင်ပြောင်းသွား ပြီးပန်းပွင့်တစ်ဝိုက်ရှိအရွက်များ အညိုရောင်သို့ ပြောင်းသွားချိန်တွင် ရိတ်သိမ်းသင့်သည်။ သိုလှောင်ခြင်းမပြုမီ အစေ့အစိုဓာတ် (၉) ရာခိုင်နှုန်း(သို့) ထို့ထက်လျော့နည်းသင့်သည်။ ရိတ်သိမ်းချိန် အစေ့ထိခိုက်ပျက်စီးပါက ဆီတွင်ပါဝင်သော ဖက်တီး အက်ဆစ် အလွတ်များ တိုးလာပြီး ဆီအရည်အသွေးကျဆင်းစေသည်။

တန်ဖိုးမြှင့်ထုတ်ကုန်များ

- နေကြာသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဘိုးမြှင့်ထုတ်ကုန်များမှာ နေကြာဆီ၊ နေကြာစေ့လှော်၊ စသည်တို့ဖြစ်ပါသည်။