နှမ်းသီးနှံစိုက်ပျိုးနည်းစနစ်

နှမ်းသီးနှံ တစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် အထောက်အကူပြုပေးနိုင်သည့် အောက်ဖော်ပြပါ နှမ်းသီးနှံ စိုက်ပျိုးနည်းစနစ်များအတိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

စိုက်ပျိုးနည်းစနစ်

- နှမ်းသီးနှံကို တစ်ပင်တိုင်မျိုးနှင့် ကိုင်းဖြာမျိုးများအတွက် တန်းကြား၊ ပင်ကြား(၁၂"-၁၅")×(၄")ခြား ထားပါကပေါင်းနှိမ်နှင်းရန်အတွက် လွယ်ကူသည်။ တစ်ဧကမျိုးစေ့ (၂) ပြည်နှုန်းနှင့် အသင့်တော်ဆုံး အပင်ဦးရေမှာတစ်သိန်းခန့်ရှိရန်လိုအပ်သည်။

- သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများကို တစ်ဧကလျှင်(၃-၅)တန်အထိ မြေပြင်ချိန်တွင်နှစ်စဉ် ထည့်ပေးသင့်သည်။

- အထွက်နှုန်းကောင်းရန်အတွက် မြေဆီလွှာ ကောင်း၊ သင့်၊ ညံ့ အပေါ်မူတည်၍ စိုက်ပျိုးရာသီ တလျှောက် သင့်တင့်သောဓါတ်မြေဩဇာများကိူအချိုးညီအချိန်ကိုက် ကျွေးသင့်ပါသည်။ မြေဩဇာ အသင့်အတင့် ကြွယ်ဝသောမြေအတွက်(၂၆: ၁၃: ၇)(နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်) ကီလိုဂရမ်/ဧကနှုန်းထားအား သတ်မှတ်ထားသည်။ 

- နှမ်းသီးနှံတွင်နှမ်းဖိုရောဂါ၊ နှမ်းပင်ညှိုးရောဂါ၊ အမြစ်နှင့်ပင်စည်ပုပ်ရောဂါများ ကျရောက်တတ် သည်။ ဖျက်ပိုးအနေဖြင့် ရွက်လိပ်ပိုး၊ နှမ်းတောင့်တဲ၊ ဖြုတ် ညို၊ နှမ်းဖလံနှင့် နှမ်းစေ့စုပ်ဂျပိုး များကျရောက်တတ်သည်။

- နှမ်းဖိုရောဂါသည် ဖြုတ်ပိုး (ဖြုတ်ညို) မှတစ်ဆင့်ကူးဆက်သည်။ ဖြုတ်ပိုးကျရောက်မှု ကိုအချိန်မီ သိရှိရန်လိုအပ်သည်။ ဖြုတ်ပိုးစုပ်စားမှုကြောင့် အပင်ထိခိုက်ပျက်စီးမှုမရှိသော်လည်း နှမ်းဖိုရောဂါ ဖြစ်စေသောသက်ရှိကို သယ်ဆောင်သောကြောင့် နှမ်းဖိုရောဂါကူးဆက်ပြန့်ပွားစေသည်။ ပင်ပိုင်းကြီး ထွားချိန်တလျှောက်ကျရောက်နိုင်သည်။ 

- သင့်တော်သောပိုးသတ်ဆေး ဖျန်းရန်လိုအပ်သည်။ ပေါင်းမြက်များကို ရှင်းလင်းပါ။ သီးလှည့်စိုက် ပျိုးပါ။ မျိုးစေ့ကို ဆေးစီရင်ခြင်းပြုလုပ်ပါ။ ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုးပက်ဖျန်းပါ၊ အခြား စိုက်ခင်းများထက် စောစောစိုက်ပျိုးခြင်းကို ရှောင်ပါ။ နှမ်းပင်ငယ်စဉ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ဖြုတ်ပိုးကိုကာကွယ်ပါ။ ရောဂါကျအပင်များကို နှုတ်ယူဖျက်ဆီးပါ။

မြေအမျိုးအစား

- ယေဘုယျအားဖြင့် နှမ်းသည် လုံလောက်သောရေ အစိုဓါတ်ထိန်းထားနိုင်ရန်အတွက်ရေသွင်းရေထုတ် ကောင်းမွန်သောသဲဆန်သော မြေကိုနှစ်သက်သည်။ မိုးနှောင်းထွန်ရေးခံခြင်းနှင့် မြေကိုမှုန့်ညက် အောင်ထွန်ယက်ခြင်းများ ဆောင်ရွက်သင့်သည်။

စိုက်ပျိုးချိန်

- နှမ်းစိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်မှာ မိုးနှမ်း/မိုးဦး (မေ-ဇွန်မှ ဩဂုတ်-စက်တင်ဘာ) ထိ ဆောင်းနှမ်း (အောက်တိုဘာ-နိုဝင်ဘာ)နှင့် နွေနှမ်း(မိုးကြို)ဖေဖော်ဝါရီ-မတ်လတို့တွင်စိုက်ပျိုးသည်။

မျိုးရွေးချယ်ခြင်း

- နှမ်းစိုက်ပျိုးရန်ဈေးကွက်ရှိ၍ ရေမြေဒေသနှင့်ကိုက်ညီသော မျိုးကောင်း/မျိုးသန့် အထွက်ကောင်းမျိုး များကိုရွေးချယ်စိုက်ပျိုး၍ ရိတ်သိမ်းမှုလွယ်ကူရန် ထောက်ခံထားသော မျိုးများကိုသုံးရန် (ဥပမာ - ဆင်းရတနာ-၂၊ ဆင်းရတနာ-၃၊ ဆင်းရတနာ-၄၊ ဆင်းရတနာ-၅၊ မကွေး၇/၉၊ စမုံနက်)။ 

သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း

- စိုက်ပြီး(၃၀-၃၅)ရက်အတွင်း ပေါင်းမြက်များအပြီးရှင်းပါ။ 

- နွေနှမ်းတွင် ရေပေးသွင်းပါက အထွက်နှုန်းသိသာစွာ ထွက်ရှိကြောင်းတွေ့ရပြီးအပင်ကြီးထွားချိန်တွင် (၂-၃)ကြိမ် ရေပေးသွင်းရန် လိုအပ်ပါသည်။ 

ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ

- နှမ်းသီးတောင့်များကြွေကျမှုမှကာကွယ်ရန်နှမ်းပင်များမခြောက်မီရိတ်သိမ်းရမည်။

- နှမ်းရိတ်သိမ်းရန် သင့်တော်သောအချိန်မှာ နှမ်းပင် များကောင်းစွာရင့်မှည့်ပြီး ပန်းပွင့်မှုရပ်သွားချိန်၊ အရွက်များအဝါရောင်ပြောင်းပြီးစတင်ကြွေလာချိန်နှင့်သီးတောင့်များအစိမ်းရောင်ရှိပြီးအစိုဓါတ်ပမာဏ အသင့်အတင့်ရှိနေသောအချိန်ဖြစ်သည်။

- နှမ်းပင်များအားရိတ်သိမ်းပြီး ချက်ချင်းစည်း၍ နေ လှန်းရမည်။ သန့်ရှင်းသောဖျာ၊ စောင်ကြမ်းများ ပေါ်တွင် ရိုက်ခါ၍အစေ့ခြွေခြင်းပြုလုပ်နိုင်ပါသည်။

- သန့်စင်ပြီးနှမ်းစေ့များအား အစိုဓာတ်(၉%)ရှိအောင် လှမ်းပြီးအလုံပိတ်ထားသော ပုံးများထဲတွင် ထည့်၍သိုလှောင်ရမည်။

- အမြဲတမ်းသိုလှောင်ရုံမရှိပါကအထူးသိုလှောင်အိတ်(Super Bags)၊ သံပုံးများ၊ ပုတ်များဖြင့် သိုလှောင် ရမည်။

တန်ဖိုးမြှင့်ထုတ်ကုန်များ

- နှမ်းသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဘိုးမြှင့်ထုတ်ကုန်များမှာ နှမ်းဆီ၊ နှမ်းယို၊ နှမ်းလှော်၊ နှမ်းဖတ်၊ နှမ်းလှော်ဆီမွှေး စသည်တို့ဖြစ်ပါသည်။