ငွေနှင်းမှိုစိုက်ပျိုးနည်း

မှိုထုပ်များကိုလေဝင်လေထွက်ရှိ၍တိုက်ရိုက်နေမပူသောနေရာတွင်ထားပါ။အပူချိန်(၂၅-၂၈)ºCနှင့်စိုထိုင်းဆ(၈၀)%ရှိရမည်။

ကော်လံမှဖွင့်ဖောက်နည်း

- ကော်လံနှင့်ဂွမ်းမဖြုတ်ပဲထား၍လည်းကောင်း၊ကော်လံအောက်ခြေတစ်ဝိုက်ဓားဖြင့်ဖြတ်၍လည်းကောင်းစင်ပေါ်တွင်လှဲ ၍စိုက်ပျိုးနိုင်သည်။

မှိုစိုက်ထုပ်မျက်နှာစာမှဖွင့်ဖောက်နည်း


- ကော်လံကိုဖြုတ်၍ အိတ်နူတ်ခမ်းကို အပြင်သို့လှန်၍လည်းကောင်း၊ မျက်နှာစာပတ်လည် ဓားဖြင့်ဖြတ်၍လည်းကောင်း၊ စင်ပေါ်တွင်လှဲ၍ နှစ်ဆင့်ထပ်စိုက်နိုင်သည်။

- မှိုထုပ်ဘေးမျက်နှာပြင်ကိုဓားသန့်သန့်ဖြင့်စောင်းလျှက်လှီးဖြတ်ပြီးလျှင်(၁"-၁"ခွဲ)အရွယ်ဓားချက်(၈-၁၀)ချက်ခန့်ခွဲပေးရမည်။ ဝါးစင်၊ သစ်သားစင်၊ သံစင်များပေါ်တွင်အထုပ်များကိုထောင်၍(သို့)လှဲ၍ထားနိုင်ပါသည်။

- နေ့စဉ်ရေလောင်းပေးရမည်။ရေမှုန်ရေမွှားအနေဖြင့်လောင်းလျှင်သင့်လျော်သည်။ရေလောင်းလျှင်အထုပ်များအတွင်းရေမဝပ်စေရန်ဂရုပြုရမည်။ရေဝပ်ပါကမှိုပွင့်များပုတ်ရိသွားနိုင်သည်။

- မှိုထုပ်များစိုက်ခန်းအတွင်းသို့ထည့်သွင်းပြီး(၃-၇)ရက်အတွင်းမှိုအပွင့်ငယ်လေးများစတင်ထွက်လာမည်။မှိုပွင့်ထွက်ပြီး (၄-၅)ရက်အတွင်းမှိုပွင့်အနေအထားအားဖြင့်ဘေးအနားသားမကွဲမီဆွတ်ခူးရမည်။

- မှိုပွင့်များအောက်ခြေမှလက်ဖြင့်ညင်သာစွာနှုတ်ယူရပါမည်။ချိုးဖဲ့ဖြတ်တောက်၍မယူရပါ။

- မှိုပွင့်များခူးယူပြီးသောအခါမှိုထုပ်၏အပေါ်ယံမျက်နှာပြင်ကိုလက်မဝက်ခန့်သန့်စင်သောဓါးဖြင့်လှီးပေးရမည်။

- လှီးဖြတ်ပြီးသောမှိုထုပ်ကို(၄- ၅)ရက်ခန့်ရေမလောင်းဘဲထားရမည်။ထိုရက်အတွင်းအထုပ်မျက်နှာပြင်တွင်မှိုမျှင်များ ပြန်လည်ဖွေးဖြူလာသောအချိန်တွင်ရေဖြန်းပေးပါကဒုတိယအကြိမ်မှိုပြန်လည်ထွက်လာသည်။

- ဤနည်းအတိုင်းမှိုထုပ်၏အောက်ခြေတစ်ဝက်ကျန်သည်အထိ(၃- ၅)ကြိမ်စိုက်ပျိုးဆွတ်ခူးရယူနိုင်သည်။

- မှိုထွက်အားပိုမိုကောင်းစေရန်ပုလဲဓါတ်မြေဩဇာ(၆)ကျပ်သားနှင့်တီစူပါဓါတ်မြေဩဇာ(၃)ကျပ်သားကိုရေ(၂)ဂါလန်ခွဲတွင် ဖျော်စပ်၍(၂)ရက်ခြားတစ်ကြိမ်ပက်ဖျန်းပေးရပါမည်။



ငွေနှင်းမှိုစိုက်ပျိုးရာတွင် ကြုံတွေ့ရသောပြဿနာများ


(၁)မှိုမျှင်ပြည့်သော်လည်း အပွင့်ပွင့်ရန်ကြာခြင်း
- ရာသီနှင့်မကိုက်ညီသောမျိုးကွဲ (Strain)ကို သုံးမိခြင်း
- အာဟာရပြင် သားဆက်များခြင်း
- အာဟာရဓာတ် မလုံလောက်ခြင်း
- ခွဲကြောင်း တိမ်လွန်းခြင်း
- ရာသီဥတု ပူလွန်းအေးလွန်းခြင်း


(၂) မှိုပွင့်ထွက်သော်လည်း ဆက်လက်မကြီးထွားခြင်း
- မျိုးညံ့ခြင်း၊ အထုပ်ဖောက်ကျယ်လွန်းခြင်း၊ အကြိမ်များများခူးခြင်း၊ အပူချိန်ရုတ်တရက်ပြောင်းလဲခြင်း


(၃) မှိုပွင့်များ ပွင့်ချိန်မတိုင်မီ ပုပ်ရိ/ ခြောက်သွေ့ခြင်း

- ရေလောင်းများလွန်း၊ နည်းလွန်းခြင်း
- မှိုသန္ဓေခဲ ထိခိုက်ခြင်း
- ပိုးမွှားရောဂါ ကျရောက်ခြင်း


(၄) အပွင့်နည်းလွန်းခြင်း
- ကုန်ကြမ်းများ အာဟာရ မလုံလောက်ခြင်း
- ပိုးမွှားရောဂါ ဝင်ရောက်ခြင်း


(၅) အပွင့်များပုံသဏ္ဌာန်မမှန်ခြင်း
- မှိုတဲအတွင်းလေဝင်လေထွက်မလုံလောက်ခြင်း၊ CO2 များလွန်းခြင်း




ငွေနှင်းမှိုကို GAP စနစ်ဖြင့် စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များမှာ -

- စိုက်ခန်းအတွင်းလိုအပ်သောအပူချိန်၊စိုထိုင်းဆ၊လေဝင်လေထွက်၊အလင်းရောင်မျှတကောင်းမွန်စွာထားရှိရန်
- အထွက်ကောင်းမျိုး၊ရာသီနှင့်ကိုက်ညီသောမျိုး၊စျေးကွက်မှလက်ခံနိုင်သောမျိုးကိုအသုံးပြုရန်
- စိုက်ထုပ်အတွင်းသတ်မှတ်ထားသောအာဟာရဓာတ်ကြွယ်ဝနေစေရန်
- မှိုထုပ်များပေါင်းတင်ပိုးသတ်ရာတွင်စံချိန်စံညွှန်းနှင့်အညီလိုက်နာဆောင်ရွက်ရန်သို့မှသာရောဂါကျရောက်မှုနည်းပြီးအောင်မြင်သောစိုက်ထုပ်ကောင်းရရှိမည်ဖြစ်သည်။
- မှိုသည် အာဟာရ/အနံ့စုပ်ယူမှုအားကောင်းသော သီးနှံဖြစ်သည့်အားလျော်စွာမှိုစိုက်ခန်းအတွင်း(ပိုးသတ်ဆေး၊ ဓာတ်ဆီ၊ ချောဆီ)စသောအနံ့ဆိုးများကိုရှောင်ရှားရန်
- ပိုးသတ်ဆေးအနေဖြင့်ဓာတုပိုးသတ်ဆေးအစားဆေးရွက်ကြီးမှိုင်းတိုက်ခြင်း၊ဆေးရွက်ကြီးပြုတ်ရည်အခိုးအငွေ့လွှတ်ခြင်း၊တမာပိုးသတ်ဆေးစသည်တို့ကိုသုံးခြင်း၊ပိုးမွှားကျရောက်သောစိုက်ထုပ်များအားလေလုံပိတ်၍O2 ဖြတ်သောနည်းသုံးခြင်း၊ထုံးရည်စိမ်ခြင်း၊ရောဂါကျရောက်မှုအားထုံးဖြူး၍နှိမ်နင်းခြင်းစသည်တို့ကိုအလေးထားဆောင်ရွက်ရန်
- ဤသို့အားဖြင့်အာဟာရကြွယ်ဝ၍သန့်ရှင်းလတ်ဆတ်သောမှိုစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့်ပြည်သူတို့၏အာဟာရနှင့် ကျန်းမာရေးကိုမှိုကဏ္ဍဖြင့်အကျိုးပြုနိုင်မည်ဖြစ်သည်။