ဝါသီးနှံအာဟာရလိုအပ်ချက်
ဝါသီးနှံအထွက်နှုန်းနှင့်အရည်အသွေးတိုးတက်မြင့်မားရေးအတွက်သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများအားအချိုးကျသုံးစွဲခြင်းသည်အရေးကြီးသောအချက်ဖြစ်ပါသည်။တစ်ဧကလျှင်ဝါပိသာ (၇၀၀-၈၀၀)ထွက်ရှိရန်အတွက်ပျှမ်းမျှအားဖြင့် နိုက်ထရိုဂျင်(N)(၁၃၄ပေါင်)၊ဖော့စဖိတ်(P2O5)(၆၁ပေါင်)နှင့်ပိုတက်စီယံ(K2O)(၁၂၀ပေါင်)မြေဆီလွှာမှစုပ်ယူအသုံးပြုကြောင်းတွေ့ရှိရပါသည်၊၊
ဝါသီးနှံအပင်ကြီးထွားမှု အဆင့်အလိုက် အဓိကအာဟာရဓာတ် (၃)မျိုးအား မြေဆီလွှာမှစုပ်ယူသုံးစွဲမှုအခြေအနေ
မြေဩဇာထည့်သွင်းချိန်နှင့်ထည့်သွင်းနည်း
သဘာဝမြေဩဇာ နွားချေး၊ ကွန်ပေါင်းနှင့်ယူရီးယားတို့ကို စနစ်တကျတွဲဖက်အသုံးပြုရပါမည်။
- နွားချေးလှည်း(၁၀)စီးနှင့် ကွန်ပေါင်းမြေဩဇာတစ်အိတ်ကို မြေခံထည့်ပါ။
- ကွန်ပေါင်းမြေဩဇာ အိတ်ဝက်နှင့်ယူရီးယားအိတ်ဝက်ရောပြီး အပိန့်ဝင်ချိန်၌ အပင်ခြေမှ ၆" အကွာတွင်ထည့်သွင်းပါ။
- ထပ်မံ၍ ကွန်ပေါင်းမြေဩဇာအိတ်ဝက်နှင့်ယူရီးယားအိတ်ဝက်ရောပြီးပန်းပွင့်ချိန်၌အပင်ခြေမှ၈"အကွာတွင်လည်းကောင်း ထည့်သွင်းပါ။
အာဟာရဓာတ်များ၏ ဝါသီးနှံအပေါ်အကျိုးသက်ရောက်မှု
နိုက်ထရိုဂျင်(N)
နိုက်ထရိုဂျင်ပါဝင်သောယူရီးယားမြေဩဇာသည်အငွေ့ပျံလွယ်ပြီးရေတွင်ပျော်ဝင်၍ဆုံးရှုံးမှုလည်းများသည်။ထို့ကြောင့်အသုံးပြုမည့် နှုန်းထားတစ်ဝက်ကိုထယ်ရေးပြုပြင်ချိန်နှင့်ကျန်တစ်ဝက်ကိုအပိန့်စဝင်ချိန်နှင့်ပန်းစပွင့်ချိန်တို့တွင်အလီလီခွဲ၍ကျွေးသင့်ပါသည်။
အကျိုးကျေးဇူး
- အကိုင်းအခက်အရွက်များနှင့်ဝါပင်ကြီးထွားဖွံ့ဖြိုးမှုကိုအားပေးခြင်း
- အသီးအပွင့်များခြင်း၊ အထွက်နှုန်းမြင့်မားစေခြင်း
နိုက်ထရိုဂျင်ချို့တဲ့ပါက
- အပင်နိမ့်ခြင်း၊အဆစ်စိတ်ခြင်း၊အပင်ဖြစ်ထွန်းမှုနှေးခြင်း၊
- အရွက်များစိမ်းဝါရောင်ဖြစ်ခြင်း၊အပင်အောက်ပိုင်းအရွက်များအချိန်မတိုင်မီ ခြောက်သေွ့ခြင်း၊ ကြွေကျခြင်း၊
- အထွက်နှုန်းကျဆင်းခြင်း၊
ဖော့စ်ဖားရပ်(P)
ဖော့စ်ဖားရပ်ဓာတ်သည်ရေတွင် ပျော်ဝင်ဆုံးရှုံးမှုနည်းသော်လည်းမြေ၏ချဉ်ငံကိန်း pH အပေါ်မူတည်၍ ထုံး၊သံ၊ အလူမီနီယမ်ဓာတ်များမြေတွင်များလျှင် ထည့်သွင်းလိုက်သောဓာတ်မြေဩဇာများ၌ပါရှိသောဖော့စ်ဖားရပ်စ်များအနက်အချို့သည်အပင်စားသုံးရန်ခဲယဉ်းသောပုံစံသို့ပြောင်းတတ်သဖြင့်အပင်များ အတွက်လိုအပ်သည်ထက်ပို၍ မြေသို့ထည့်ပေးရသည်။
အကျိုးကျေးဇူး
- အပိန့်၊အပွင့်၊အသီးများဖြစ်ပေါ်မှုနှင့်အမြစ်သန်မာဖွံ့ဖြိုးခြင်းကိုအားပေးခြင်း
- အသီးကြီးထွားခြင်းနှင့်စောစောရင့်မှည့်၍ဝါကောက်သိမ်းနိုင်မှုစောစေခြင်း
- ဝါတစ်ပေါက်အလေးချိန်၊ဝါတစ်ပေါက်ပါအစေ့အရေအတွက်၊ဝါစေ့တွင်းဆီပါဝင်မှုတို့တိုးစေပြီးအထွက်နှုန်းတိုးစေခြင်း
- နိုက်ထရိုဂျင်ဓာတ် စားသုံးမှုကိုကောင်းစေခြင်း
ဖော့စ်ဖားရပ်စ်ချို့တဲ့ပါက
- အရွက်သေးငယ်ခြင်း၊ အရွက်ကြောကလေးများတခါတရံတွင် အနီရောင်သန်းလာခြင်း၊
- အရွက်၏အရောင်မှာ အစိမ်းရင့်ရောင်ဖြစ်လာပြီး အပင်အလွန်ပုခြင်း
- အပိန့်အပွင့်ဖြစ်ထွန်းမှုနည်းပြီး ဝါသီးရင့်မှည့်မှုနှင့် ဝါသီးကွဲလည်း နောက်ကျခြင်း
- ဝါအထွက်နှုန်းကျနိုင်ခြင်း
ပိုတက်စီယံ(K)
- ပိုတက်ရှ်ဓာတ်မြေဩဇာသည်မြေတွင်တွယ်ကပ်မှုကောင်းသည်။ မိုးရေနှင့်လျောစီးပါမသွားနိုင်။ နှုန်းထားတစ်ဝက်ကိုစိုက်ထယ်ရေးပြုလုပ်ချိန်နှင့်ကျန်တစ်ဝက်ကိုအပိန့်စတင်ချိန်ထည့်ပေးနိုင်သည်။
အကျိုးကျေးဇူး
- ပိုတက်စီယံဓာတ်လုံလောက်လျင်ဝါပင်သည်ရေငတ်သောဒဏ်၊အအေးဒဏ်နှင့်ရောဂါဒဏ်တို့ကိုခံနိုင်ရည်ရှိခြင်း
- ဝါစေ့အောင်မြင်မှုနှင့် ဝါစေ့အတွင်း၌ အဆီဓာတ်ပါဝင်မှုတို့ကို တိုးပွားစေခြင်း
- ဂွမ်းမွေးအရည်အသွေးကောင်းမွန်စေခြင်း၊ ဂွမ်းမွေးအရှည်( ၁-၃ မီလီမီတာ)ထိ တိုးနိုင်ခြင်း
-ချည်နှင့်အဝတ်ထည်တို့ကို ဆေးဆိုးရာတွင် အရောင်အသွေးညီညာစေခြင်း
ပိုတက်စီယံချို့တဲ့လျှင်
-အရွက်များပေါ်တွင်အညိုပျောက်၊အဝါပျောက်များဖြစ်ပေါ်လာခြင်း၊အရွက်နှုတ်ခမ်းများခြောက်ခြင်း၊တွန့်လိမ်ခြင်းနှင့်တစ်ရွက်လုံးအချိန်မတိုင်ခြောက်၍သေခြင်း
- ပင်စည်မခိုင်သဖြင့်ယိုင်လဲတတ်ခြင်း၊ရောဂါဒဏ်ခံနိုင်ရည်မရှိခြင်း၊
- သီးလုံးကြီးထွားမှုမညီညာခြင်းနှင့် ကြွေကျခြင်း
မဂ္ဂနီစီယံ(Mg)
- ကလိုရိုဖီးလ်ဖြစ်ပေါ်မှုအတွက်အရေးပါသောဓာတ်ဖြစ်သည်။
- ဖော့စ်ဖားရပ်စ် ပိုမိုစုပ်ယူနိုင်စေရန် အထောက်အကူပြုသည်။
မဂ္ဂနီစီယံချို့တဲ့လျှင်
- အပင်၏အစာချက်လုပ်မှုစွမ်းရည်လျော့နည်းစေ၍သက်တမ်းရင့်သောအရွက်များအနီရောင်သို့ပြောင်းပြီး အချိန်တိုင်မီ ကြွေကျနိုင်ခြင်း
- ချို့တဲ့မှုပြင်းထန်ပါကပန်းပွင့်ဖြိုင်ချိန်နှင့်ဝါသီးဖြစ်ပေါ်ချိန်တို့တွင် Red leaf symptom ဖြစ်ပေါ်တတ်ပြီး၊အချိန်မတိုင်မီဝါသီးကွဲ၍ဝါအထွက်နှုန်းကျစေခြင်း
ဆာလ်ဖာဓါတ်(S)
- အပင်၏အစာချက်လုပ်ရေးနှင့် ပရိုတင်းဓာတ်ဖြစ်ပေါ်ရေးတို့တွင် အဓိကကျသောဓာတ် ဖြစ်သည်။
ဆာလ်ဖာချို့တဲ့လျှင်
- အပင်နိမ့်ခြင်း၊အဆစ်စိတ်ခြင်း၊သီးကိုင်းအရေအတွက်နည်းခြင်း
- သီးလုံးရွယ်အစားသေးငယ်ခြင်းတို့ဖြစ်ပေါ်စေပြီး အထွက်နှုန်းလျော့နည်းခြင်း
- ဝါစေ့အတွင်းဆီနှင့် ပရိုတင်းပါဝင်မှုလျော့နည်းခြင်း ၊ အထွက်နှုန်းလျော့နည်းခြင်း
ဘိုရွန်(B)
- သဲဆန်ပြီးpHနိမ့်သောမြေ၊ Organic Matter ပါဝင်မှုနည်းပါးသောမြေဖြစ်ပါက ချို့တဲ့မှု ဖြစ်စေသည်။
အကျိုးကျေးဇူး
- ဝတ်မှုန်ကူးမှုကိုပိုမိုအောင်မြင်စေပြီးသီးကင်းကြွေကျမှုနည်းခြင်း၊သီးလုံးအရွယ်အစားကြီးခြင်း
- ဂွမ်းထွက်နှင့်ဂွမ်းမွေး အရည်အသွေးကောင်းခြင်း
ဘိုရွန်ချို့တဲ့လျှင်
- ထိပ်ညွန့်များခြောက်၍သေခြင်း၊ ခြုံဘုတ်သဏ္ဍန်ဖြစ်ခြင်း
- အသီးနုကြွေကျမှုများပြားခြင်း၊ တစ်ခြမ်းပိန်ဝါသီးများဖြစ်ခြင်း
ဇင့်(Zn)
ဆပ်ပြာပေါက်မြေ၊ဆားပေါက်မြေ၊ဖော့စ်ဖားရပ်စ်ပါဝင်မှုများသောမြေ၊ဖော့စ်ဖားရပ်စ်ဓာတ်မြေသြဇာအသုံးပြုမှုများသောမြေ၊သဘာဝမြေသြဇာအသုံးပြုမှုမရှိသည့်မြေများနှင့်ရေဝပ်သည့်အခြေအနေများတွင်ဇင့်ချို့တဲ့မှုတွေ့ရသည်။
အကျိုးကျေးဇူး
- ဂွမ်းမွေးညီညာစေပြီး၊ ဂွမ်းအရည်အသွေးကောင်းခြင်းနှင့်
- ဝါအထွက်နှုန်းကို တိုးစေခြင်း
ဇင့်ဓာတ်ချို့တဲ့လျှင်
- အပင်ကြီးထွားမှုနှေးကွေးခြင်း
- အစိမ်းရောင်ဖျော့ခြုံပုတ်ပုံရှိခြင်း၊ အဖူးစိမ်းဝါရောင်ရှိခြင်း
ရွက်ဖျန်းမြေဩဇာများအသုံးပြုခြင်း
ဝါသီးနှံအထွက်နှုန်းတိုးတက်ရေးနှင့်ဂွမ်းမွေးအရည်အသွေးကောင်းမွန်ရေးအတွက်ဓာတ်မြေဩဇာသတ်မှတ်နှုန်းထားအတိုင်း ထည့်သွင်းခြင်းအပေါ် သာမန်လိုနှင့်အနည်းလိုအဟာရဓာတ်များအားရွက်ဖျန်းမြေဩဇာများအဖြစ်ဖြည့်စွက်အသုံးပြုသင့်ပါသည်။မိုးခေါင်ခြင်း၊မိုးများခြင်း၊အပူအအေးလွန်ကဲခြင်းစသည့်ရာသီဉတုမမှန်ကန်သည့်အချိန်များတွင်အမြစ်မှအစာစုပ်ယူရန်ခက်ခဲခြင်း၊မြေ၏pHနည်းလွန်းခြင်း၊များလွန်းခြင်းကြောင့်မြေအတွင်းရှိအချို့ဓာတ်များအားဝါပင်မှမစုပ်ယူနိုင်ခြင်းစသည့်အခြေအနေများတွင်မဂ္ဂနီစီယမ်၊ဆာလ်ဖာ၊ဘိုရွန်၊ဇင့်ပါဝင်သောရွက်ဖျန်းမြေဩဇာများကိုဖြည့်စွက်အသုံးပြုခြင်းဖြင့်ဝါသီးနှံအထွက်နှုန်းတိုးခြင်း၊ဂွမ်းအရည်အသွေးကောင်းခြင်းများကိုရရှိနိုင်ပါသည်။အပင်အတွက်အနည်းလိုအာဟာရဓာတ်များဖြည့်စွက်ပေးရန်အဓိကထား၍ပက်ဖျန်းပေးနိုင် သည်။
ဝါသီးနှံအထွက်နှုန်းနှင့်အရည်အသွေးကောင်းရန်ဖြည့်စွက်အသုံးပြုနိုင်သည့်ရွက်ဖျန်းမြေဩဇာများ
- ပိုတက်စီယမ်ဆာလ်ဖိတ်(သို့)ပိုတက်စီယမ်နိုက်ထရိတ် ၃၇ဂရမ်/ဂါလံနှုန်းအား ပန်းပွင့်ပြီး ဒုတိယပတ်မှစ၍ (၃)ကြိမ်မှ (၄)ကြိမ်ဖြင့်လည်းကောင်း၊
- မဂ္ဂနီစီယမ်ဆာလ်ဖိတ်၃၇ဂရမ် + ဇင့်ဆာလ်ဖိတ် ၁၉ဂရမ်/ဂါလံနှုန်းအား ဝါပန်းပွင့် ချိန်မှစ၍(၁၀)ရက်ခြား(၄)ကြိမ်ဖြင့်လည်းကောင်း၊
- ဘိုရွန်၊ဇင့်၊ဆာလ်ဖာတို့အား ၁:၂:၁ ဖြင့် (၄)ဂါလံဝင် ဆေးဖျန်းပုံး (၁)ပုံး လျှင် (Borax ၁၂.၅ ဂရမ် +ZnSO4 ၂၅ ဂရမ် + Kmulus(80% Sulphur)၁၂.၅ ဂရမ်) အားအပိန့်စဝင်ချိန်မှစ၍(၂)ပတ်ခြား(၄)ကြိမ်ဖြင့်လည်းကောင်းအသုံးပြုနိုင်သည်။
- ဝါပင်သက်တမ်းအပေါ်မူတည်၍ ရေ(၁၀)ဂါလံတွင်ယူရီယားဓာတ်မြေဩဇာ(၁ - ၅) ပေါင်နှုန်းထည့်၍လည်း ဖျန်းနိုင်ပါသည်။
ဓာတ်မြေဩဇာများကို ရွက်ဖျန်းမြေဩဇာအဖြစ် ဖျော်စပ်ပြီးပါက ဖျော်စပ်ပြီး(၂-၃) နာရီ အတွင်း ပက်ဖျန်းပေးရန် လိုအပ်သည်။ နံနက်စောစော (သို့မဟုတ်) ညနေခင်းတို့တွင် ပက်ဖျန်းခြင်းသည် အကောင်းဆုံးဖြစ်သည်။
သဘာဝမြေဩဇာများအသုံးပြုခြင်း
ရေရှည်တည်တံ့သောစိုက်ပျိုးထုတ်လုပ်မှုကိုထိန်းသိမ်းနိုင်ရန်မြေဆီလွှာအရည်အသွေးကောင်းမွန်ပြီး၊အပင်အာဟာရဓာတ်ရရှိရန်မှာအရေးကြီးပါသည်။ဓာတ်မြေသြဇာသည်ဝါပင်အတွက်လိုအပ်သောအာဟာရဓာတ်ကိုသာဖြည့်ပေးနိုင်သည်။သဘာဝမြေသြဇာများတွဲဘက်အသုံးပြုမှသာမြေဆီလွှာ၏အရည်အသွေးကောင်းမွန်တိုးတက်လာပြီးသီးနှံများရေရှည်တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်၍ အပင်အာဟာရဖြည့်တင်းမှုတွင် ဓာတ်မြေဩဇာတစ်မျိုးတည်း မဟုတ်ဘဲ ဘက်စုံမြေဩဇာစီမံခန့်ခွဲခြင်း(Integrated Nutrient Management)နည်းလမ်းကိုကျင့်သုံးရန်လိုအပ်ပြီး၊အရည်အသွေးပြည့်မီသည့်သဘာဝမြေဩဇာများရရှိအသုံးပြုရန်လည်း လိုအပ်ပါသည်။
အကျိုးကျေးဇူး -
-အဓိကလို၊ သာမန်လိုနှင့် အနည်းလို အာဟာရဓာတ်များ စုံလင်စွာရရှိနိုင်သည်။
-မြေဩဇာသုံးစွဲခြင်းထိရောက်မှု( Fertilizer Use Efficiency) အမြင့်မားဆုံးဖြစ်စေသည်။
-မြေဆီလွှာဖွဲ့စည်းပုံ တိုးတက်ကောင်းမွန်စေသည်။
-မြေအစိုဓာတ် ကြာရှည်ထိန်းသိမ်းထားနိုင်သည်။
-မြေတွင်း အပူအအေး မျှတစေသည်။
-မြေထဲတွင် လေဝင်လေထွက် ကောင်းမွန်စေသည်။
-မြေတွင်းအဏုဇီဝသက်ရှိများ လှုပ်ရှားဆောင်ရွက်မှု ကောင်းမွန်စေသည်။
-အာဟာရများကို ဝါမြစ်မှ အလွယ်တကူ စုပ်ယူစားသုံးနိုင်သည်။
ထို့ကြောင့် သစ်စိမ်းမြေဩဇာ၊ နွားချေးမြေဩဇာ၊ Compost မြေဩဇာများ ထည့်ပေးခြင်းတို့ ပြုလုပ်သင့်ပါသည်။
သစ်စိမ်းမြေဩဇာများပြုလုပ်သုံးစွဲခြင်း
သစ်စိမ်းမြေဩဇာများအဖြစ် ပိုက်ဆံလျှော်၊ မြေနိမ့်ချယ်ရီ၊ မဲရိုင်းပင်၊ ညံပင်၊ ဒန့်ကျွဲပင်၊ ကုက္ကို၊ ထိကရုံး၊ ပဲအမျိုးမျိုး(ပဲယင်း၊ ပဲလွမ်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲဖြူလေးစသည်)တို့ကို စိုက်ပျိုးနိုင် ပါသည်။ သစ်စိမ်းမြေဩဇာအဖြစ် ပြုလုပ်သုံးစွဲရာတွင် စိုက်ပျိုးပြီး ထယ်ထိုးနစ်မြှုပ်ချိန်သည် အပင်သက်(၄၀ မှ ၅၀)ရက်သားဖြစ်သင့်သည်။သက်တမ်းကြာလျှင်အထွက်ပမာဏပိုမိုများလာသော်လည်းဆွေးမြေ့ရန်အချိန်ကြာမြင့်ခြင်း၊အာဟာရဓာတ်များလျော့နည်းသွားခြင်းတို့ဖြစ်နိုင် သည်။ထယ်ထိုးနစ်မြှုပ်ထားပြီး(၁၀ မှ ၁၄)ရက်အကြာကောင်းစွာဆွေးမြေ့ပြီးမှသာပင်မသီးနှံစိုက်ပျိုးရပါမည်။
နွားချေးမြေဩဇာအသုံးပြုခြင်း
နွားချေးမြေဩဇာတွင်ယေဘုယျအားဖြင့်နိုက်ထရိုဂျင်(၀.၉%)၊ဖော့စ်ဖားရပ်ဓာတ်(၀.၂၅%)နှင့်ပိုတက်စီယံ(၀.၅%)ခန့်စီပါဝင်သည်။ထို့အပြင်နွားချေးမြေဩဇာတွင်အပင်ဖြစ်ထွန်းမှုကိုအားပေးသောခရီတင်နင်း(Creatinine)ဓာတ်ပါဝင်၍အပင်ဖြစ်ထွန်းမှုမြန်ဆန်စေသည်။နွားချေးမြေဩဇာကိုပါးပါးနှင့်ညီညီချပြီး ထယ်ထိုး၍ မြေတွင်မွှေပေးရသည်။ မြေပြင်ချိန်တွင် တစ်ဧကလျှင် နွားချေး(သို့မဟုတ်)သစ်ဆွေးမြေဩဇာ လှည်း(၅-၁၀)စီးနှင့်အထက် ထည့်ပေးသင့် ပါသည်။
မြေဆွေးမြေဩဇာ (Compost) များ ပြုလုပ်သုံးစွဲခြင်း
လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ၊တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများနှင့်အဏုဇီဝသက်ရှိများကိုအသုံးပြု၍တန်ဖိုးရှိသောမြေဆွေးမြေဩဇာများပြုလုပ်ဆောင်ရွက်နိုင်ပါသည်။Compostများပြုလုပ်ရာတွင်ကောင်းစွာဆွေးမြေ့ပြီး၊အရည်အသွေးပြည့်မီရန်အသုံးပြုမည့်ကုန်ကြမ်းများ၏အရွယ်အစားသေးငယ်အောင်ကြိုတင်ဆောင်ရွက်ခြင်း၊အစိုဓာတ်ပါဝင်မှု၊လေဝင်လေထွက်နှင့်အပူချိန်တို့မှန်ကန်စေခြင်း၊လိုအပ်သည့်ဖြည့်စွက်ပစ္စည်းများထည့်ခြင်း၊ကာဘွန်နိုက်ထရိုဂျင်အချိုးမှန်ကန်စေခြင်းတို့ကိုစနစ်တကျဆောင်ရွက်ရပါမည်။ဝါသီးနှံအထွက်နှုန်းတိုးစေရန်နှင့်အရည်အသွေးမီဝါဂွမ်းများရရှိရန်သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများအားအချိုးညီညီပေါင်းစပ်ထည့်ပေးခြင်းအားဖြင့်မြေတွင်လိုအပ်သောအာဟာရဓာတ်များမျှတစေပြီး၊အထွက်နှုန်းနှင့်အရည်အသွေးတိုးတက်စေမည်ဖြစ်ပါသည်။