ကော်ဖီပျိုးခင်းထူထောင်ခြင်း

မျိုးပွားခြင်း

အာရေးဗီးကားကော်ဖီများသည်ပင်တည်းဝတ်မှုန်ကူးခြင်းဖြစ်သဖြင့်မျိုးကောင်းမျိုးသန့်မျိုးစေ့မှပျိုးထောင်စိုက်ပျိုးနိုင်ပြီးရိုဘတ်စတာ၊လိုက်ဘေးရီးကားနှင့်အိတ်ဆယ်လ်ဆာကော်ဖီများမှာပင်ခြားဝတ်မှုန်ကူးခြင်းဖြစ်သဖြင့်မျိုးစေ့မှလည်းကောင်း၊ပင်ပိုင်းမျိုးပွားနည်း(ကိုင်းထိုးနည်း၊ကိုင်းဆက်နည်း၊ဖူးမြှုပ်ဆက်နည်း)မှလည်းကောင်းမျိုးပွားစိုက်ပျိုးနိုင်ပါသည်။

ပျိုးခင်းနေရာရွေးချယ်ခြင်း

ပျိုးခင်းနေရာရွေးချယ်ရာတွင်ပျိုးပင်သယ်ယူစရိတ်နှင့်အပျက်အစီးနည်းစေရန်အတွက်ကော်ဖီစိုက်ခင်းနှင့်နီးသည့်နေရာမျိုးကိုရွေးချယ်ရန်လိုအပ်သည်။ပျိုးခင်းနေရာသည်မြေမျက်နှာပြင်ညီညာရမည့်အပြင်ရေမဝပ်ရန်လည်းလိုအပ်သည်။အကယ်၍ဆင်ခြေလျှောမြေနေရာကိုရွေးချယ်မည်ဆိုပါကအစောင်း (၄-၅)ရာခိုင်နှုန်းထက်ကျော်လွန်လျှင်လှေကားထစ်ခုံများပြုလုပ်ပေးရမည်။သစ်ပင်ကြီးများအုပ်မိုးထားသောအရိပ်အောက်တွင်မဖြစ်စေရ။

မျိုးစေ့ခံယူရန်မိခင်ပင်ရွေးချယ်ခြင်း

ကျန်းမာသန်စွမ်းမှု၊အပင်ကြီးထွားမှု၊အသီးတင်ကောင်းမှု၊ကော်ဖီအရည်အသွေးကောင်းမွန်မှုရှိ၍ရောဂါပိုးမွှားကင်းစင်သည့်အသက်(၈ မှ ၁၅)နှစ်သားမိခင်ပင်ကိုမျိုးစေ့ထုတ်ယူရန်မိခင်ပင်အဖြစ်အသုံးပြုရပါမည်။




မျိုးစေ့ခံယူခြင်းနှင့်ပြုပြင်ခြင်း  

ကော်ဖီမျိုးသီးကိုဒီဇင်ဘာနှင့်ဇန်နဝါရီလများတွင်ခူးယူရပါမည်။ကော်ဖီပင်အလယ်ကိုင်းများ၏အလယ်ပိုင်းမှချယ်ရီရောင်ကောင်းစွာရင့်မှည့်နေသောအသီးကိုသာမျိုးထုတ်ယူရန်အသုံးပြုသင့်ပါသည်။ဆွတ်ခူးပြီးအသီးမှည့်များကိုရေစိမ်လိုက်သောအခါရေပေါ်ပေါ်နေသောအသီးများကိုဖယ်ထုတ်ပစ်ရမည်။ရေတွင်နစ်သောအသီးမှည့်များကိုလက်ဖြင့်အခွံချွတ်၍အ ချဉ်ပေါက်စေရန်(၁)ညခန့်ရေစိမ်ထားရမည်။နောက်တစ်နေ့တွင်အသားတွယ်ကပ်နေသောအခွံစများအကျိအချွဲများကိုရေဖြင့်စင်အောင်ဆေးကြောဖယ်ရှားပြီးအစေ့များကိုအရိပ်ထဲတွင်လေသလပ်၍အခြောက်ခံရမည်။သို့ရာတွင်အလွန်အခြောက်ခံခြင်းမျိုးမဖြစ်စေရပါ။အစိုဓာတ်(၄၁)%ရှိအစေ့များတွင်အပင်ပေါက်စွမ်းအားပို၍ကောင်းမွန်ပါသည်။လေသလပ်ခံထားသောအစေ့များမှသေးငယ်လွန်းသောအစေ့များ၊အရွယ်အစားပုံမှန်မဟုတ်သောအစေ့များ၊တစ်လုံးစေ့နှင့်ကျိုးပဲ့နေသော အစေ့များကိုရွေးထုတ်ဖယ်ရှားရမည်။ကော်ဖီစေ့တွင်အစေ့ငုပ်လျှိုးမှုကာလ(Dormancy Period)မရှိသဖြင့်ကော်ဖီစေ့များကိုပတ်ဝန်းကျင်အပူချိန်တွင်သိုလှောင်ပါကအာရေးဗီးကားကော်ဖီသည်(၆)လနှင့်ရိုဘတ်စတာကော်ဖီသည်(၂)လအတွင်းသာအပင်ပေါက်စွမ်းအားကောင်းသည်။ယင်းလများထက်ကျော်လွန်ပါကအပင်ပေါက်စွမ်းအားလျင်မြန်စွာကျဆင်းသွားနိုင်သည်။

ပျိုးဘောင်ဖြင့်ပျိုးထောင်ခြင်း

အလျား(၂၅)ပေ၊အနံ(၃)ပေ၊အမြင့်(၆)လက်မအရွယ်ရှိပျိုးဘောင်တစ်ဘောင်တွင်နွားချေး(၂)တင်း၊သဲနုန်းသို့မဟုတ်မြေဆွေးတစ်တင်းနှင့်တီစူပါဖော့စဖိတ်ဓာတ်မြေဩဇာနို့ဆီဗူး(၂)ဗူးတို့ကိုအပေါ်ယံမြေနှင့်သမအောင်ရော၍မျက်နှာပြင်ညီညအောင်ညှိပေးရမည်။မျိုးစေ့များအပင်ပေါက်လွယ်ကူလျင်မြန်စေရန်သဲလွှာ(၁)လက်မထူအောင်ခင်းပေးရန်လိုအပ်ပါသည်။အစေ့များမြေချပျိုးထောင်ပြီးတစ်လ(သို့)တစ်လခွဲခန့်ကြာသောအခါအပင်ပေါက်သည်။ကော်ဖီစေ့သည် (၄၅)ရက်ခန့်၌သံခမောက်ဆောင်းအဆင့်(Soldier Stage)သို့ရောက်ရှိပြီး(၃)လအတွင်လိပ်ပြာရွက်အဆင့်(Butterfly Stage)သို့ရောက်ပါသည်။


ပျိုးဘောင်မှပျိုးပင်များကိုအဆင့်(၂)ခုစလုံး၌ပျိုးအိတ်သို့ရွေ့ပြောင်းပျိုးထောင်နိုင်သည်ဆိုသော်လည်းလိပ်ပြာရွက်အဆင့်သည်အကောင်းဆုံးဖြစ်ပါသည်။ပျိုးအိတ်အောက်ခြေတွင်တစ်ဖက်(၄-၅)ပေါက်စီဖောက်ပေး၍ပျိုးအိတ်ထဲသို့ထည့်ရာတွင်အမြစ်မခေါက်စေရန်အထူးဂရုပြုဆောင်ရွက်ရမည်။ပြောင်းရွှေ့စိုက်ပျိုးရန်အသင့်တော်ဆုံးပျိုးပင်အရွယ်အစားမှာ(၈-၁၂) လသားအရွယ်အရွက်(၆-၈)စုံရှိသောပျိုးပင်ဖြစ်သည်။






ကော်ဖီစိုက်ပျိုးခြင်း  

စိုက်ခင်းမြေနေရာရွေးချယ်ခြင်း 

ကော်ဖီစိုက်ခင်းမြေနေရာရွေးချယ်ရာတွင်မြေမျက်နှာပြင်ပြန့်ပြူးသောမြေနေရာ(သို့)ဆင်ခြေလျှောပြေသောကုန်းစောင်းမြေနေရာတို့ကိုအဓိကထား၍ရွေးချယ်သင့်သည်။အနည်းငယ်မတ်စောက်သောတောင်စောင်းများကိုရွေးချယ်စိုက်ပျိုးရမည်ဆိုပါကကွန်တိုစနစ်/လှေကားထစ်စိုက်ပျိုးနည်းစနစ်များပြုလုပ်၍စိုက်ပျိုးသင့်သည်။ဆီးနှင်းအကျများသောတောင်ပေါ်ဒေသများတွင်တောင်စောင်းဆင်ခြေလျှောအပေါ်ပိုင်းတွင်ဆီးနှင်းခါးကျရောက်မှုနည်းသည့်အတွက်ကော်ဖီစိုက် ပျိုးဖြစ်ထွန်းနိုင်သည်။

 

ဒေသအလိုက်သင့်တော်သည့်ကော်ဖီမျိုးရွေးချယ်ခြင်း

အာရေးဗီးကားကော်ဖီသည်ကုန်းမြင့်တောင်ပေါ်ဒေသနှင့်သင့်လျော်၍ရိုဘတ်စတာမျိုးမှာမြေနိမ့်ပိုင်းနှင့်သင့်လျော်သည်။အချို့ဒေသများသည်အာရေးဗီးကားနှင့်ရိုဘတ်စတာ(၂)မျိုးလုံးအတွက်သင့်လျော်မှုရှိသဖြင့်ရာသီဥတု၊မြေအနေအထားအရရွေးချယ်စိုက်ပျိုးရမည်။ဌာနမှထုတ်ဝေထားသောမြန်မာနိုင်ငံ၏ကော်ဖီစိုက်ပျိုးမှုပတ်ဝန်းကျင်ဇုန်စာအုပ်တွင်အသေးစိတ်လေ့လာကြည့်ရှုနိုင်ပါသည်။


ပင်ကြား တန်းကြားအကွာအဝေး  

ကော်ဖီပင်စိုက်ပျိုးရန် ပင်ကြား x တန်းကြား အကွာအဝေးအားအောက်ပါအတိုင်းသတ်မှတ်ထားသော်လည်းလိုအပ်ချက်အရအနည်းငယ်ပြောင်းလဲသတ်မှတ်စိုက်ပျိုးနိုင်သည်။ 

အာရေးဗီးကားကော်ဖီ (ကုန်းမြင့်ကော်ဖီ)    တစ်ဧကဝင်ဆန့်  (ပင်)

ပင်ကြားx တန်းကြား (၄' x ၈' )                 ၁၃၆၀ ပင်

ရိုဘတ်စတာကော်ဖီ (မြေနိမ့်ကော်ဖီ)          တစ်ဧကဝင်ဆန့်  (ပင်)

ပင်ကြားx တန်းကြား (၁၀' x ၁၀' )             ၄၃၅ပင်


စိုက်ကျင်းတူးခြင်းနှင့်မြေချစိုက်ပျိုးခြင်း  

ကော်ဖီစိုက်ပျိုးရန်ကျင်းကို(၁.၅ x ၁.၅ x ၁.၅ )ပေဖြင့်စိုက်ပျိုးနိုင်ပြီးစိုက်ခါနီး(၂)ပတ်(၃)ပတ်အလိုတွင်နွားချေး(၁)ပြည်၊တီစူပါဟင်းစားဇွန်း(၂)ဇွန်းနှင့်အပေါ်ယံမြေသားများကိုသမအောင်ရောမွှေ၍ကျင်းဖုံးပေးရမည်။ကော်ဖီပင်မြေချစိုက်ပျိုးခြင်းကိုပုံမှန်အားဖြင့်မိုးစတင်ရွာသွန်းချိန်တွင်စတင်ဆောင်ရွက်နိုင်သော်လည်းရေပေးသွင်းနိုင်ပါကနွေရာသီ၌ပင်ရေသွင်းစိုက်ပျိုးနိုင်သည်။ပျိုးအိတ်မြေလုံးမကွဲရန်ဂရုပြုစိုက်ပျိုးပြီးရေသောက်မြစ်ဖြောင့်တန်းစေရန်ပျိုးအိတ်အောက်ခြေမြေ ကြီးနှင့်ကပ်၍ခေါက်နေသောအမြစ်ကို ဖြတ်ပေးရန်အထူးသတိပြုရပါမည်။ 





အရိပ်ပင်စိုက်ပျိုးခြင်းနှင့် ကော်ဖီစိုက်ခင်းများတည်ထောင်ခြင်း

မြန်မာနိုင်ငံတွင်ကော်ဖီနှင့်တွဲဖက်စိုက်ပျိုးနိုင်သောအရိပ်ပင်များကိုသစ်ခွဲအသုံးပြုနိုင်သောအရိပ်ပင်အမျိုးအစား(ခါတော်မီ၊ရေကသစ်၊ရေပိတုန်း၊ကုက္ကိုပင်)နှင့် နှစ်ရှည်စားသုံးသီးပင်(ပိန္နဲ၊ဒညင်း၊လိုင်ချီး၊လောင်ဂံ၊မက္ကဒေးမီးယား၊ထောပတ်စသည်)ဟူ၍နှစ်မျိုးနှစ်စားခွဲခြားနိုင်သည်။အရိပ်ပင်သည်ကော်ဖီပင်တွင်ကျရောက်တတ်သောပိုးမွှားရောဂါများအတွက်လက်ခံပင်မဖြစ်ရန်လည်းလိုအပ်ပြီးအရိပ်ပင်၏အရိပ်ရရှိနိုင်မှုအခြေအနေအရပင်ကြား x  တန်းကြားအား ၁၆' x ၁၆' မှ ၃၀' x ၃၀' အတွင်းသတ်မှတ်စိုက်ပျိုးနိုင်ပါသည်။သဘာဝသစ်တောရှိပြီးဒေသများတွင်ကော်ဖီနှင့်သင့်တော်သော အရိပ်ပင်များကိုချန်လှပ်ခုတ်လှဲကာ ကော်ဖီစိုက်ခင်းတည်ထောင်နိုင်သလိုရှိပြီးသားသဘာဝအရိပ်ပင်များအားအောက်ခြေရှင်းလင်းပြီးကော်ဖီစိုက်ပျိုးခြင်းဖြင့်ကော်ဖီစိုက်ခင်းများတည်ထောင်နိုင်ပါသည်။တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိတိမ်ထူထပ်ပြီးမိုးများသောဒေသများတွင်ရိုဘတ်စတာကော်ဖီမျိုးများအားအရိပ်မဲ့စိုက်ပျိုးနိုင်သည်။သို့သော်မြေဩ ဇာနှင့်အစိုဓာတ်လုံလောက်စွာရရှိရန်လိုအပ်သည်။အရိပ်မဲ့စိုက်ပျိုးသောကော်ဖီသည်အရိပ်ပင်နှင့်တွဲဖက်စိုက်ပျိုးထားသောကော်ဖီပင်များထက်အထွက်ပို၍ စရိတ်သက်သာသော်လည်း အရိပ်မဲ့ကော်ဖီပင်များ၏ သက်တမ်းမှာအရိပ်ပင်နှင့်တွဲစိုက်သော ကော်ဖီပင်များလောက် သက်တမ်းရှည်ကြာမည်မဟုတ်ပါ။