ကော်ဖီသီးကြိတ်ခွဲထုတ်လုပ်နည်း (၂) မျိုးရှိပါသည်။


(၁) အစိုနည်းဖြင့်ကြိတ်ခွဲထုတ်လုပ်ခြင်း (wet processing)

(၂) အခြောက်နည်းဖြင့်ကြိတ်ခွဲထုတ်လုပ်ခြင်း (dry processing)


ကော်ဖီသီးများကြိတ်ခွဲရန် ပြင်ဆင်ခြင်း -
- ခူးယူလာပြီးသောကော်ဖီသီးမှည့်များအား စုပုံထားပြီးမလိုလားအပ်သောအရာများ( အစိမ်းသီးများ/အမှည့်ခြောက်များ/ အရွက်စိမ်းများ၊ကိုင်းခြောက်များ)ဖယ်ထုတ်ရပါမည်။
- ခူးယူလာသောကော်ဖီသီးများအားရေစိမ်၍ ရေပေါ်သီးများအား ဖယ်ထုတ်ပြီးနေလှန်းရပါမည်။
- ရေအောက်မြုပ်နေသည့်ကော်ဖီသီးများအားကြိတ်ခွဲရန်ဖြစ်ပါသည်။

 အစိုနည်းဖြင့်ကြိတ်ခွဲထုတ်လုပ်ခြင်း(wet processing)

- ကော်ဖီသီးမှည့်များအားရေစိမ်၍ ရေပေါ်သီးများဖယ်ရှားရပါမည်။
- ကော်ဖီသီးအရွယ်အစားခွဲခြားခြင်းကို sizing machine ဖြင့်ပြုလုပ်ရပါမည်။
- ဇကာပေါ်တင်သောကော်ဖီသီးမှည့်များအား(၂၄)နာရီ အတွင်းအခွံချွတ်ရပါမည်။
- အခွံချွတ်ပြီးကော်ဖီစေ့များအား ရေကန်တွင်ထည့်ပြီး ရေတွင်ပေါ်သော (floating beans)များဖယ်ရှားရပါမည်။
- ရာသီဥတုအပေါ်မူတည်၍ ၂၄-၄၈ နာရီထိ အချဉ်ဖောက်ရပါမည်။
- ကော်ဖီဆံနှင့်အသီးခွံကြားရှိအကျိအချွဲလွှာများကိုသန့်ရှင်းသောရေဖြင့် အထပ်ထပ် စင်ကြယ်အောင်ဆေးကြောပေးရပါမည်။
- အချဉ်ဖောက်လွန်ပါက ကော်ဖီအနံ့အသက်မကောင်းခြင်းနှင့် ကော်ဖီစေ့များတွင် အညိုရောင်အမဲရောင်များစွဲကပ်ပြီး အရည်အသွေးကျဆင်းခြင်းများဖြစ်ပေါ်နိုင်ပါသည်။
- ရေစင်အောင်ဆေးပြီးသောကော်ဖီစေ့များကို ဇကာတွင်ရေစစ်ပြီး အသီးလှန်းတလင်းတွင် လည်းကောင်း၊ ၃ပေ x ၆ပေ x ၃ပေ အရွယ် အသီးလှန်းစင်တွင်လည်းကောင်း နေပူလှန်း ရပါမည်။
- နေပူလှန်းရာတွင် ၁ လက်မထု အထူခန့်သာလှန်းသင့်ပါသည်။
- မိုးရွာလျှင်အုပ်ပေးရန် မိုးကာစများ အဆင်သင့်ထားရှိရပါမည်။
- တလင်းရှိကော်ဖီစေ့များကို အပူရရှိမှုညီမျှစေရန် တစ်ရက်(၃) ကြိမ် ထွန်ခြစ်ဖြင့်မွှေပေးရပါမည်။
- ခန့်မှန်း(၁၄)ရက်ခန့်လှန်းပြီး ကော်ဖီစေ့တွင်အစိုဓါတ်ပါဝင်မှု ၁၀-၁၂%  ရှိချိန်တွင် ရုတ်သိမ်း သိုလှောင်ရပါမည်။
- သိုလှောင်ရာတွင် ဂုန်နီအိတ်ဖြင့်ထည့်ပြီး လေဝင်လေထွက်ကောင်းသောဂိုဒေါင်တွင် သိုလှောင်ရပါမည်။
- ကြမ်းပြင်မှအမြင့် ၁ ပေခန့်၊ ၃ပေ×၆ ပေ အရွယ်ရှိ သစ်သားစင်များဖြင့်၊ ဂုန်နီအိတ် အထပ်(၇) ထပ်ထက်မပိုသော သိုလှောင်ခြင်းဖြင့် သိုလှောင်သင့်ပါသည်။
- သိုလှောင်မှုညံ့ဖျင်းပါက ကော်ဖီစေ့များအရောင်ပြောင်းပြီး ရောင်းတန်းမဝင်သော ကော်ဖီစေ့များဖြစ်ပေါ်နိုင်ပါသည်။  


အခြောက်နည်းဖြင့်ကြိတ်ခွဲထုတ်လုပ်ခြင်း (dry processing)


အခြောက်လှန်းထားသောကော်ဖီသီးများကို အပူချိန်ရရှိမှုမျှတစေရန် တစ်ရက်လျှင် (၃)ကြိမ်ခန့်၊ သစ်သားထွန်ခြစ်ဖြင့် မွှေပေးရမည်။

နှင်းဖြင့်မစိုစွတ်အောင် ညအချိန်အဖုံးအကာများဖြင့် ဖုံးအုပ်ထားရပါမည်။

အစိုဓါတ် ၁၄% ရှိသည့်အချိန်၊ ရာသီဥတုအပေါ်မူတည်၍ နေလှန်းရက် (၁၄) ရက် မှ (၁၅) ရက်အတွင်းရုပ်သိမ်းသိုလှောင်ခြင်း ပြုလုပ်ရမည်။

 ရုပ်သိမ်းသိုလှောင်ခြင်းကို(Parchment coffee) သိုလှောင်သကဲ့သို့ သိုလှောင်ရပါမည်။