ကော်ဖီစိုက်ခင်းများပြုစုထိန်းသိမ်းခြင်း


ပေါင်းမြက်နှိမ်နင်းခြင်း

ကော်ဖီပင်၏ရေနှင့်အစာအာဟာရကိုလုယူစားသောက်သည့်အပြင်ပိုးမွှားများခိုအောင်းရာဖြစ်နိုင်သောကြောင့်ပေါင်းပင်များအားတစ်နှစ်ပတ်လုံးရှင်းပေးသင့်ပါသည်။ပေါင်းသတ်ဆေးသုံး၍ပေါင်းနှိမ်နင်းခြင်းသည်သဘာဝပတ်ဝန်းကျင်ကိုထိ ခိုက်သဖြင့်ရှောင်ကြဉ်သင့်ပါသည်။ 


မြေဩဇာထည့်သွင်းခြင်း

-ဓါတ်မြေဩဇာတစ်လှည့်သဘာဝမြေဩဇာတစ်လှည့်ကျွေးပေးခြင်းသည်ကော်ဖီသီးနှံအထွက်ကောင်းမွန်စေပါသည်။ 

-မြေဩဇာမကျွေးခင်အပင်ခြေမှပေါင်းမြက်များပြောင်အောင်ရှင်းထားရမည်။

 -အသီးခူးပြီးသည်နှင့်မြေဩဇာကျွေးပြီးသင့်တော်သောရေပေးစနစ်ဖြင့်တစ်ပတ်တစ်ကြိမ်ရေပေးသွင်းလျှင်အရည်အသွေးကောင်းပြီးအထွက်တိုးစေပါ သည်။

-မိုးရာသီတွင် အရွက်၊ အသီးများ လျင်မြန်စွာ ကြီးထွားချိန်ဖြစ်၍နိုက်ထရိုဂျင်(Nitrogen) ပိုမိုလိုအပ်ပါသည်။

-အမြစ်ကြီးထွားရန်ဖော့စဖိတ်(Phosphate)လိုအပ်သကဲ့သို့ အသီးစတင်ချိန်မှရင့်မှည့်ချိန်အထိပိုတက်စီယမ်(Potassium) ပိုမိုလိုအပ်ပါသည်။

-ကော်ဖီပင်ကြီးထွားမှုအဆင့်တိုင်းတွင်မြေဩဇာလိုအပ်ပြီးအချိန်ကိုက်အချိုးကျကျွေးရန်အရေးကြီးပါသည်။


ရေသွင်း/ ရေလောင်းခြင်း

-အပင်ငယ်စဉ်တွင်အရိပ်ကောင်းစွာမဖြစ်ထွန်းမီတစ်ပတ်လျှင်တစ်ကြိမ်ရေပေးသွင်းသင့်ပါသည်။ 

-အရိပ်ပင်ကောင်းမွန်စွာဖြစ်ထွန်းပြီးကော်ဖီပင်သက်တမ်းကြီးလာသည်နှင့်အမျှရေပေးသွင်းရမည့်ပမာဏနှင့်အကြိမ်ရေကိုလျှော့ချနိုင်သည်။ 

-ရေလောင်းရေသွင်းခြင်းကိုရေ၊ မြေ၊ ရာသီဥတုအလိုက်အချိန်မှန်ပေးသွင်းရပါမည်။ 

-ရေစောစွာပေးသွင်းပါကအပွင့်ချိန်မညီညာ၍ရိတ်သိမ်းရခက်ခဲခြင်း၊ရေသွင်းနောက်ကျပါကပန်းပွင့်ချိန်နောက်ကျခြင်း၊ ပန်းမပွင့်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။

-ရေအစိုဓါတ်ထိန်းသိမ်းရန်Mulching ပြုလုပ်ပေးရန်လိုအပ်ပါသည်။ 

-အပင်စိုက်ပြီး(၃-၄)နှစ်အတွင်းရေလိုအပ်မှုအမြင့်ဆုံးဖြစ်ပြီးရာသီဥတုနှင့်မြေအမျိုးအစားပေါ်မူတည်၍ရေသွင်းချိန်သည်(၃-၇)ရက်ခြားပြောင်းလဲနိုင်ပါသည်။





ဆီးမိုးနေကာအုံပြုလုပ်ခြင်း

ကော်ဖီပင်စိုက်ပျိုးပြီးအပင်သက်တမ်း(၂)နှစ်အတွင်းမိုးကုန်၍ဆောင်းဝင်သည်နှင့်ဆီးမိုးနေကာအုံပြုလုပ်ပေးရမည်။ဆီးနှင်းကျရောက်တတ်သောမြင့်မားသည့်တောင်တန်းဒေသများ၊မိုးရေချိန်နည်းပါး၍အပူချိန်များသောတောင်များတွင်မဖြစ်မနေလုပ်ဆောင်ပေးရမည့်လုပ်ငန်းဖြစ်သည်။ဆီးမိုးနေကာအုံပြုလုပ်ခြင်းဖြင့်ကော်ဖီပင်ငယ်စဉ်တွင်အရိပ်ပင်မှလုံလောက်သောအရိပ်မပေးနိုင်ခင်ဆီးနှင်းကျရောက်ပါကအပင်နှင့်တိုက်ရိုက်မထိတွေ့စေရန်နှင့်ပြင်းထန်သောနေ့အလင်းရောင်နှင့်တိုက် ရိုက်မထိတွေ့စေရန်ဖြစ်သည်။