ကော်ဖီသီးနှံတွင်ကျရောက်တတ်သောပိုးမွှား/ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ


ကော်ဖီသီးနှံတွင်ကျရောက်တတ်သော ပိုးမွှားများ နှင့် ကာကွယ်နှိမ်နင်းနည်းများ


ပိုးမွှားအမည် -အဖြူရောင်ဂျပိုး (ပိုး/ပိုးစေးနဲ) (Mealy Bug)

သိပ္ပံအမည်         - Planococcus spp.

ဖျက်စီးမှုလက္ခဏာ -ကော်ဖီပင်၏နုထွတ်သောအစိတ်အပိုင်းများမှသစ်ရည်ကိုစုပ်ယူဖျက်စီးသည်။ ပိုးမှထုတ်သောအချိုရည်များကိုပုရွက်ဆိတ်များမှစားသောက်သည်။ပိုးနှင့်ပုရွက်ဆိတ်တွဲဖက်မနေပါကပိုးသားဆက်များသည် အချိုရည်တွင်ကပ်ညိ၍သေဆုံးနိုင်သည်။

ကျရောက်ချိန် -ရွက်နုထွက်ချိန်၊ သီးကင်းဝင်ချိန်တို့တွင်ကျရောက်မှုများသည်။

ကာကွယ်နှိမ်နင်းနည်း -ပုရွက်ဆိတ်များနှင့်တွဲဖက်မနေနိုင်အောင်မြေကြီးနှင့်ထိနေသောကိုင်းများဖြတ်တောက်ဖယ်ရှားပေးရမည်။ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးသုံးနိုင်သည်။ ဥပမာ- Dimethoate



ပိုးမွှားအမည် -အစိမ်းရောင်/အညိုရောင်အကြေးပိုး(Green/Brown Scale)

သိပ္ပံအမည်         -Coccus viridis, Saisettia spp.

ဖျက်စီးမှုလက္ခဏာ -အပင်၏နူးညံ့သောအစိတ်အပိုင်းများ၊ ရွက်လည်ကြော၊ အညွန့်ဖျား၊ အသီးများတွင်ကျရောက်လေ့ရှိသည်။ ပိုးစေးနဲကဲ့သို့ ပုရွက်ဆိတ်များနှင့် တွဲဖက်နေထိုင်တတ်သည်။

ကျရောက်ချိန် -ရွက်နုထွက်ချိန်၊ သီးကင်းဝင်ချိန်တို့တွင် ကျရောက်မှုများသည်။ မိုးရာသီတွင် ပိုမိုကျရောက်တတ်သည်။

ကာကွယ်နှိမ်နင်းနည်း -ပိုးစေးနဲကဲ့သို့ပင်ကာကွယ်နှိမ်နင်းနိုင်သည်။



ပိုးမွှားအမည် -ပင်စည်ထိုးပိုးအဖြူ(White Stemborer)

သိပ္ပံအမည်         -Xylotrechus quadripes

ဖျက်စီးမှုလက္ခဏာ -အာရေးဗီးကားကော်ဖီ၏အဓိကကျသောဖျက်ပိုးဖြစ်သည်။အရိပ်မဲ့ကော်ဖီစိုက်ခင်းများတွင်ပိုမိုကျရောက်တတ်သည်။ အမပိုးသည်ပင်စည်အခေါက်များကြားတွင်ဥများဥချသည်။သားလောင်းများသည်ပင်စည်အတွင်းအဘက်ဘက်သို့လိုဏ်ခေါင်းထွင်းဖောက်၍စားသောက်ဖျက်စီးသည်။အပင်၏အစာကြောနှင့်ရေကြောထိခိုက်ပြီးအရွက်များဝါလာကာညှိုးကျလာမည်။ ညှိုးကျသွားသောကိုင်းများ၊ အပင်များသည် လေပြင်းတိုက်ပါက(သို့)လက်ဖြင့်ချိုးပါကအလွယ်တကူကျိုးကျသွားနိုင်သည်။

ကျရောက်ချိန် -ပိုးကျရောက်ထားသောအပင်များမှပင်စည်ထိုးပိုးများအများဆုံးထွက်ပေါ်သောကာလ(flight period)သည်ယေဘုယျအားဖြင့်တစ်နှစ်လျှင်နှစ်ကြိမ်ဖြစ်သည်။(ဧပြီ - မေ၊ အောက်တိုဘာ၊ နိုဝင်ဘာ)

ကာကွယ်နှိမ်နင်းနည်း -ပိုးထွက်ပေါ်သောကာလတွင် ပင်စည်အခေါက်များအားအုန်းဆံဖတ်များ၊ဂုန်နီအိတ်အစုတ်များဖြင့်ပွတ်တိုက်ပေးခြင်းဖြင့်ကြိုတင်ကာကွယ်နိုင်သည်။ညှိုးကျသောကိုင်းအခြောက်များ၊အပင်များအားစုပုံ၍မီးရှို့ဖျက်ဆီးပစ်သင့်သည်။သို့မှသာအတွင်းရှိ ပိုးသားလောင်းများအားဖျက်ဆီးပြီးသားဖြစ်မည်။ကော်ဖီစိုက်ခင်းများကိုသင့်တော်သောအရိပ်ပေးခြင်းဖြင့် လည်းကြိုတင်ကာကွယ်နိုင်သည်။



ပိုးမွှားအမည် -ပင်စည်ထိုးပိုးအနီ (Red Stemborer )

သိပ္ပံအမည်         -Zeuzera coffee

ဖျက်စီးမှုလက္ခဏာ -ပင်စည်ထိုးပိုးအဖြူကဲ့သို့ပင်ဖျက်စီးသည်။

ကျရောက်ချိန် -ပင်စည်ထိုးပိုးအဖြူကဲ့သို့ပင်ဖြစ်သည်။

ကာကွယ်နှိမ်နင်းနည်း -ပင်စည်ထိုးပိုးအဖြူကဲ့သို့နှိမ်နင်းနိုင်သည်။ပင်စည်ထိုးပိုးအနီအကောင်ကြီးများသည်ညထွက်ဖလံများဖြစ်သည့်အတွက်ပိုးထွက်ပေါ်သောကာလတွင်မီးထောင်ချောက်များဖြင့်ဖမ်းဆီးနှိမ်နင်းနိုင်သည်။ 


ပိုးမွှားအမည် -ကော်ဖီသီးလုံးဖောက်ပိုး(Coffee Berry Borer )

သိပ္ပံအမည်         -Hypothenemus  hampei

ဖျက်စီးမှုလက္ခဏာ -ပိုးကောင်အမသည်ကော်ဖီသီးထိပ်မှအပေါက်ဖောက်၍ ဥများ ဥချသည်။ပိုးသားလောင်းများသည်ကော်ဖီသီးအတွင်းသားများကိုစားသောက်ဖျက်စီးသည်။အသီးစိမ်းများအညိုရောင်ပြောင်းပြီးကြွေကျသဖြင့်အထွက်နှုန်းထိခိုက်နိုင်သည်။ကြွေကျသွားသောအသီးများ၊ဆွတ်ခူးပြီးအသီးများနှင့်သိုလှောင်ထားသောကော် ဖီဆံများအတွင်းဆက်လက်အသက်ရှင်နေနိုင်ကြသည်။ထို့ကြောင့်ကော်ဖီဆံအရည်အသွေး၊ အနံ့၊ အရသာတို့အားထိခိုက်နိုင်သည်။

ကျရောက်ချိန် -ကော်ဖီစတင်အသီးသီးချိန်မှ ခူးဆွတ်ရိတ်သိမ်းချိန်အတွင်းကျရောက်ဖျက်စီးသည်။

ကာကွယ်နှိမ်နင်းနည်း -ကော်ဖီအသီးခူးရာသီတွင် ထောင်ချောက်များတပ်ဆင်၍ ဖမ်းဆီးနိုင်သည်။ ပိုးကျသီးများအားမီးရှို့ခြင်း၊ မြေနက်နက်မြှုပ်ပေးခြင်းဖြင့် ဖျက်စီးနိုင်သည်။လက်ကျသီး၊ကြွေကျသီးများပင်ခြေ တွင်ကျန်မနေအောင်ဂရုစိုက်သင့်သည်။ အသီးမခူးမီအစောပိုင်းကာလတွင်ကျရောက်ပါကပင်လုံးပြန့်ပိုးသတ်ဆေး( ဥပမာ  - Cartex Hydro- chloride ) ကိုသုံးနိုင်သည်။



ပိုးမွှားအမည် -ဖိုးလမင်းပိုး(Chafer/White Grub)

သိပ္ပံအမည်         -Holitrichia spp.

ဖျက်စီးမှုလက္ခဏာ -ပိုးကောင်အမသည်အမြစ်ဇုံအတွင်းဥများဥချသည်။ပိုးသားလောင်းများသည်အစာရေစုပ်မြစ်များကိုကိုက်ဖြတ်ဖျက်စီးစားသောက်သည်။အပင်ကြီးများသည်အတော်အသင့်ခံနိုင်ရည်ရှိသော်လည်းအပင်ငယ်များသည်ခံနိုင်ရည်မရှိကြပါ။အရွက်များဝါလာခြင်း၊အကိုင်းနုများသေဆုံးခြင်း၊အရွက်အညွန့်များကြီးထွားမှုမရှိခြင်းတို့ကိုကြည့်၍ပိုးကျရောက်နေကြောင်း သိနိုင်သည်။

ကျရောက်ချိန် -အကောင်ကြီးသည်မတ်- ဇွန်လများတွင် ပေါ်ထွက်သည်။

ကာကွယ်နှိမ်နင်းနည်း -ပင်လုံးပျံ့ပိုးသတ်ဆေး၊ မြေအောင်းပိုးသတ်ဆေးတစ်မျိုးမျိုးသုံး၍ နှိမ်နင်းနိုင်သည်။ ဥပမာ -  Dimethoate ,   Metarhiziym  မှုန့်ကိုမစိုက်ခင်မြေ၌ထည့်ပေးခြင်းတို့ဖြစ်သည်။


ကော်ဖီသီးနှံတွင်ကျရောက်တတ်သော ရောဂါများ နှင့် ကာကွယ်နှိမ်နင်းနည်းများ


ပိုးမွှားအမည် -ကော်ဖီပျိုးပင်ခါးရိရောဂါ(Damping Off)

သိပ္ပံအမည်         -Rhizotonia solani (fungys)

ဖျက်စီးမှုလက္ခဏာ -ပျိုးပင်များခါးသိမ်ပြီးပုတ်သွားသောမြေဆောင်ရောဂါဖြစ်သည်။  အရိပ်များလွန်းခြင်း၊ စိုထိုင်းဆများလွန်းခြင်း၊ ပျိုးပင်များနီးကပ် လွန်းလျှင်လည်းဖြစ်နိုင်သည်။

ကျရောက်ချိန် -ပျိုးခင်းအဆင့်မိုးရာသီတွင်အတွေ့ရများသည်။

ကာကွယ်နှိမ်နင်းနည်း -လွန်ကဲစွာအရိပ်ပေးခြင်း/ရေလောင်းခြင်း၊ ပျိုးဘောင်များတွင် အစေ့များပြွတ်သိပ်စွာပျိုးထောင်ခြင်းတို့ကို ရှောင်ကြဉ်ခြင်းဖြင့်ကြိုတင်ကာကွယ်နိုင်သည်။ ကော့ပါးအခြေခံသောမှိုသတ်ဆေးများသုံး၍လည်းကြိုတင်ကာကွယ်နိုင်သည်။ ဥပမာ- Benomyl Captan, Tricho –derma မှုန့်ကို မြေပြင်စဉ်၎င်း၊ ရောဂါကျစဉ်၌ ၎င်းရေတွင်ဖျော်၍ ပက်ဖျန်း အသုံးပြုနိုင်သည်။




ပိုးမွှားအမည် -ကော်ဖီရွက်ညိုပြောက်ရောဂါ (Cercospora Leaf Spot )

သိပ္ပံအမည်         -Cercospora coffeicola

ဖျက်စီးမှုလက္ခဏာ -ကော်ဖီပျိုးခင်းအဆင့်တွင်လည်းကောင်း၊ အရိပ်နည်းသော စိုက်ခင်းများ၊ နိုက်ထရိုဂျင်ဓါတ်ချို့တဲ့သောအပင်များတွင် ကျရောက်မှုများသည်။ အရွက်မျက်နှာပြင်နှစ်ဖက်စလုံးတွင် အနီရောင်အနားရစ်ပါသော အညိုရောင်အကွက်များ ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ကျရောက်မှုများပါကအရွက်အစာချက်နှုန်းထိခိုက်ပြီးအထွက်နှုန်းထိခိုက်နိုင်သည်။

ကျရောက်ချိန် -ရာသီမရွေးဖြစ်ပွားနိုင်သည်။ ရေငတ်ခြင်း၊ အာဟာရချို့တဲ့ခြင်း တို့ ကြောင့်အပင်အားနည်းသည့်အခြေအနေများတွင် ရောဂါဖြစ် ပွားမှုကို ပိုမိုအားပေးစေသည်။

ကာကွယ်နှိမ်နင်းနည်း -အာဟာရဓါတ်ချို့တဲ့မှုများအတွက် ရွက်ဖျန်းမြေသြဇာများဖျန်းပေးခြင်း၊နိုက်ထရိုဂျင်ဓါတ်မြေသြဇာကျွေးပေးခြင်း၊သင့်တော်သောအရိပ်ပင်များထားရှိပေးခြင်းဖြင့်ကာကွယ်နိုင်သည်။ကော့ပါးအခြေခံသောမှိုသတ်ဆေးများသုံး၍လည်းကြိုတင်ကာကွယ်နိုင်သည်။  ဥပမာ -  Copper  Hydroxide , Copper  Oxychloride , Carbendasim




ပိုးမွှားအမည် -ကော်ဖီသံချေးမှိုရောဂါ (Coffee Leaf Rust)

သိပ္ပံအမည်         -Hemileia vastatrix

ဖျက်စီးမှုလက္ခဏာ -အရွက်တွင်ကျရောက်သောရောဂါများအနက်အရေးအကြီးဆုံးရောဂါဖြစ်သည်။အရွက်အပေါ်မျက်နှာပြင်ပေါ်တွင်အဝါရောင်အကွက်ဖြစ်ပေါ်ပြီးအောက်မျက်နှာပြင်တွင်အဝါရောင်(သံချေးရောင်)အကွက်ဖြစ်ပေါ်သည်။ရောဂါပြင်းထန်ပါကအရွက်များညှိုးခြောက်၍ ကြွေကျသွားသည်။ ခံနိုင်ရည်မရှိသောကော်ဖီမျိုးများတွင်တစ်ပင်လုံးရှိအရွက်များကြွေကျဆုံးရှုံးနိုင်သည်။

ကျရောက်ချိန် -အထူးသဖြင့်မိုးအကုန်ဆောင်းအကူးကာလများတွင်အဖြစ်များ တတ်သည်။

ကာကွယ်နှိမ်နင်းနည်း -ကတ်တီမိုးကဲ့သို့ခံနိုင်ရည်ရှိသောမျိုးများစိုက်ခြင်းဖြင့် ကာကွယ်နိုင်သည်။ကော့ပါးအခြေခံသောမှိုသတ်ဆေးများသုံး၍လည်းကြိုတင်ကာကွယ်နိုင်သည်။ ဥပမာ-  Copper Oxychloride, Trizole Mancozeb